News

POST TYPE

EDITOR PICK POST

ရာဇာနေဝင်းနဲ့ တွေ့ဆုံခြင်း
အနုပညာလောကမှာ ခေတ်တစ်ခေတ် ရှိခဲ့ဖူးတဲ့ သရုပ်ဆောင် ရာဇာနေဝင်းနဲ့ တွေ့ဆုံပြီး လက်ရှိ ရုံတင်ပြသနေတဲ့ မာယာစတိုင် ရုပ်ရှင်ဇာတ်ကားမှာ တွဲဖက်ဒါရိုက်တာ ဝင်လုပ်ဖြစ်တဲ့အကြောင်း၊ အနုပညာလောကမှာ ဖြတ်သန်းခဲ့ရတဲ့ အောင်မြင်မှု အနိမ့်အမြင့်၊ အတက်အကျများ အကြောင်းနဲ့ ဘဝလက်တွဲဖော် ရှာဖွေနေတဲ့ အကြောင်းတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice :  လက်ရှိ ရုံတင်နေတဲ့ မာယာစတိုင်ရုပ်ရှင်မှာ သရုပ်ဆောင်အပြင် တွဲဖက်ဒါရိုက်တာပါ ဝင်လုပ်ထားတယ်နော်။ ဒါရိုက်တာလိုင်းကို ကူးတော့မလို့လား။

YZNW : ဒီကားမှာ ကျွန်တော် တွဲဖက်ဒါရိုက်တာ ဝင်လုပ်တယ်ဆိုတာ လေ့လာတဲ့အဆင့်ပဲ ရှိပါသေးတယ်။ ဒါရိုက်တာ ဝင်လုပ်တာ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ သရုပ်ဆောင်မှုအပြင် ဇာတ်ကားတစ်ကားလုံး ကောင်းဖို့ကို ဂရုစိုက်ပေးရတာပေါ့။ ဒီကားရိုက်တုန်းက ကျွန်တော် အများဆုံး ညွှန်ကြားပေးရတာက ကျွန်တော် ကျွမ်းကျင်တဲ့ သီချင်းပိုင်းလောက်ပဲ ရှိပါတယ်။ ဘယ်သီချင်းတွေကို ဇာတ်ဝင်တေးအဖြစ် သုံးရင် အဆင်ပြေမလဲ ဆိုတာကို စဉ်းစားပေးရတာပေါ့။

Voice : ကိုရာဇာ့ရဲ့ အနုပညာလောက ဖြတ်သန်းမှု အတွေ့အကြုံတွေအရဆို ဒါရိုက်တာလိုင်းကို ကူးရင်လည်း အဆင်ပြေနိုင်မယ် ထင်ပါတယ်နော်။

YZNW : လောလောဆယ်တော့ ကိုယ်တိုင်ဇာတ်ကားတွေကို ဒါရိုက်တာလုပ်ပြီး ရိုက်ဖို့ အစီအစဉ်တော့ မရှိသေးပါဘူး။ ဇာတ်ကားတစ်ကားကို ကိုယ်တိုင်စိတ်တိုင်းကျ ဖန်တီးခွင့်ရတဲ့ ဒါရိုက်တာအလုပ်ကို ကျွန်တော် ဝါသနာတော့ ပါပါတယ်။ ကျွန်တော်က သရုပ်ဆောင်သက်တမ်း ကြာခဲ့တယ် ဆိုပေမယ့် ဒါရိုက်တာ လုပ်မယ်ဆိုရင်တော့ လေ့လာစရာတွေ အများကြီး ရှိပါသေးတယ်။ မာယာစတိုင်ရုပ်ရှင်မှာ တွဲဖက်ဒါရိုက်တာအနေနဲ့ ပါဝင်ဖြစ်တာကတော့ ဒါရိုက်တာ ဦးညီညီအောင်ကလည်း အကူအညီတောင်းတယ်။ ကျွန်တော်ကိုယ်တိုင်လည်း လေ့လာကြည့်ချင်တဲ့ အတွက် လုပ်ဖြစ်တာပါ။

Voice : ဒီနှစ်ထဲမှာ ကိုရာဇာ့ကို ရိုက်ကူးဖို့ ကမ်းလှမ်းထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေ အကြောင်းလည်း ပြောပြပေးပါဦး။

YZNW : လောလောဆယ်တော့ ဒါရိုက်တာ ကိုမောင်မောင်မြင့်လွင်နဲ့ ရုပ်ရှင်ကားကြီးတစ်ကား ရိုက်နေတယ်။ ဒီကားပြီးရင်တော့ နောက်ထပ်ကားကြီးတစ်ကား ရိုက်ဖို့ ပြောထားသေးတယ်။ ကျွန်တော်တို့က အခုအခြေအနေမှာတော့ ဇာတ်ကားကို သိပ်ရွေးတာ မရှိပါဘူး။ ကိုယ့်ကို လာခေါ်ရင် ရိုက်ပေးတာပါပဲ။ ကိုယ့်ရဲ့လုပ်လာတဲ့ အတွေ့အကြုံကလည်း များနေပြီဆိုတော့ သူတို့ ဘာပဲခိုင်းခိုင်း အဆင်ပြေအောင် လုပ်ပေးပါတယ်။ ဒါရိုက်တာတွေကလည်း ကိုယ်ဘယ်လောက်လုပ်နိုင်တယ် ဆိုတာ သိကြပါတယ်။

Voice : ပရိသတ်တွေကို ထူးထူးခြားခြား သရုပ်ဆောင်ပြချင်တဲ့ ဇာတ်ကောင်စရိုက်မျိုးတွေရော ရှိသေးလား။

YZNW : အဲ့ဒီလိုကြီး စိတ်ကူးယဉ်ထားတာတော့ မရှိပါဘူး။ ကိုယ့်ကိုကမ်းလှမ်းလာတဲ့ ဇာတ်လမ်းပေါ် မူတည်ပြီး ကိုယ်ဘယ်လောက် အကောင်းဆုံးဖြစ်အောင် လုပ်ပြနိုင်မလဲလို့ပဲတွေးပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း ကျွန်တော်တို့ကို လာပြောတဲ့ ဇာတ်ကားတွေက ရယ်စရာ ဟာသကားတွေ များတယ်။ အရင်က ရိုက်ပြီးခဲ့ တဲ့ကားတွေရော၊ လက်ရှိရိုက်နေရတဲ့ ကားတွေရောက ဟာသကားတွေ များနေတယ်။ လောလောဆယ် အထိတော့ ဒရာမာ ဇာတ်လမ်းတွေလာပြီး မကမ်းလှမ်းကြသေးဘူး။ 

Voice : ကိုယ့်ခေတ်တုန်းကတော့ ဇာတ်တွေကို ကိုယ်တိုင်စိတ်ကြိုက် ရွေးရိုက်ခွင့်ရတယ်။ လက်ရှိအချိန်မှာ ကိုယ်က အရွေးချယ်ခံဘဝ ရောက်သွားတဲ့ အပေါ်ရော ဘယ်လိုခံစားမှု ရှိလဲ။

YZNW : ဒီအခြေအနေအပေါ်မှာ ထူးထူးခြားခြား ခံစားရတာမျိုးတော့ မရှိပါဘူး။ လက်ရှိမှာတော့ ကျွန်တော်တို့က ခေတ်အခြေအနေ၊ တိုင်းပြည်အခြေအနေ၊ ပရိသတ်အားပေးမှု အခြေအနေပေါ် မူတည်ပြီး လှုပ်ရှားနေရတာပါ။ တတ်နိုင်သမျှ ကိုယ့်ကိုပေးလာတဲ့ ကာရိုက်တာတစ်ခု အပေါ်မှာ အကောင်းဆုံးဖြစ်အောင် လုပ်ပြမယ်လို့ပဲ ဆုံးဖြတ်ထားပါတယ်။ 

Voice : ကိုရာဇာဆိုလည်း အရမ်းအောင်မြင်ခဲ့ဖူးသလို၊ ကျရှုံးမှုတွေနဲ့လည်း ရင်ဆိုင်ခဲ့ရဖူးတယ်။ အောင်မြင်မှု၊ အနိမ့်အမြင့်၊ အတက်အကျတွေပေါ်မှာ ကိုယ့်ရဲ့စိတ်ကို ဘယ်လိုထားပြီး နေဖြစ်လဲ။

YZNW : အဲ့ဒါကတော့ စိတ်ကို တကူးတက ပြင်ဆင်စရာတော့ မလိုပါဘူး။ ကျွန်တော်တို့က နေတတ်သွားပါပြီ။ အတွေ့အကြုံက သင်ပေးသွားတာပါပဲ။ အဓိကကတော့ ကိုယ်လုပ်ခွင့်ရတဲ့ အလုပ်တစ်ခုအပေါ်မှာ တတ်နိုင်သမျှ အကောင်းဆုံးလုပ်မယ် ဆိုတဲ့ စိတ်တစ်ခုနဲ့ပဲ အနုပညာလောကမှာ ဆက်လက်ရှင်သန်နေတာပါ။

Voice : တချို့ကျတော့လည်း အရမ်းအောင်မြင်ပြီးတော့မှ ဝုန်းခနဲ ပြုတ်ကျသွားရင် မခံစားနိုင်ကြတာတွေ ရှိတယ်နော်။ 

YZNW : လူဆိုတာက အောင်မြင်တဲ့အချိန် ရှိသလို၊ ကျရှုံးမှုတွေနဲ့လည်း ရင်ဆိုင်ရတဲ့အချိန် ရှိတာပါပဲ။ ဒါကတော့ သဘာဝတရားပါပဲ။ ကျန်တာတွေ သိပ်စဉ်းစားစရာ မလိုပါဘူး။ စဉ်းစားရင်လည်း ကိုယ့်အတွက် အာရုံနောက်တာပဲ ရှိပါတယ်။ တတ်နိုင်သမျှ ကိုယ်လုပ်ခွင့်ရတဲ့ အချိန်မှာ သူများနဲ့ မတူတဲ့ ပုံစံနဲ့ ဘယ်လိုအကောင်းဆုံး လုပ်ပြမလဲပေါ့။ ဒါမှလည်း လူတွေက ကိုယ့်ကို စိတ်ဝင်စားမှာကိုး။ အဲ့ဒီတစ်ခုပဲ ကျွန်တော်က စဉ်းစားတယ်။

Voice : ကိုယ်အရမ်းအောင်မြင်ခဲ့တဲ့ အချိန်တုန်းကရော လုပ်ချင်ရက်နဲ့ မလုပ်ဖြစ်ခဲ့တာတွေရော ရှိလား။

YZNW : ကျွန်တော်ကတော့ အဲ့ဒီလောက်ကြီး စူးစူးစိုက်စိုက်ကြီးတော့ မစဉ်းစားပါဘူး။ ကိုယ်လည်း လုပ်ချင်တဲ့ဟာ၊ သူတို့လည်း လုပ်ပေးနိုင်တဲ့ဟာ အပေါ်မှာ မူတည်ပြီး တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ပေးခဲ့တဲ့ သဘောတရားပဲ ရှိပါတယ်။ ကိုယ့်ပရိသတ်တွေကိုတော့ အကောင်းဆုံးတွေပဲ ပေးနိုင်အောင် အမြဲကြိုးစားခဲ့တာပါပဲ။ လက်ခံတာ၊ လက်မခံတာကတော့ ပရိသတ်တွေရဲ့ ရွေးချယ်မှုပေါ့နော်။

Voice : ကိုရာဇာ့ကို အမြဲတမ်း လွတ်လွတ်လပ်လပ်၊ ပေါ့ပေါ့ပါးပါးနဲ့ တစ်ယောက်တည်း တွေ့နေရတယ်။ အိမ်ထောင်ပြုဖို့ မစဉ်းစားတော့ဘူးပေါ့။

YZNW : ကျွန်တော့် အသက်ကလည်း နည်းနည်းလွန်နေပြီလေ။ တတ်နိုင်သမျှတော့ ဘဝလက်တွဲဖော် ရှာတွေ့ဖို့ ကြိုးစားနေတာပါပဲ။ ဒါပေမဲ့ ဒီလိုကိစ္စမျိုးက ကြိုးစားတိုင်းလည်း မရဘူးလေ။ လက်ရှိမှာတော့ ကြိုးစားနေဆဲပဲ ရှိပါသေးတယ်။ အခြေအနေက သိပ်မသေချာသေးတော့ ပြောပြလို့မရဘူး ဖြစ်နေတယ်။ လူက ကြိုးစားနေရင် ဖြစ်သွားတတ်ပါတယ်။ အရင်က မကြိုးစားလို့ မဖြစ်ခဲ့တာပါ။ ကိုယ့်ဘက်ကတော့ သေချာတယ်။ သူ့ဘက်ကတော့ ဘာမှန်းမသိသေးဘူး။ 

သန့်ဇင်ဦး