News

POST TYPE

EDITOR PICK POST

တံတားအမည်ပြောင်းပေးရန် သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်ထံ စာပို့မည်
31-Mar-2017 tagged as တံတား

မော်လမြိုင်၊ မတ် ၃၀ 

သံလွင်တံတား (ချောင်းဆုံ) ကို ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်ပေးရန် ပြည်သူ့လွှတ်တော် အတည်ပြုမှုကို ဆန္ဒပြကန့်ကွက်သည့် ဒေသခံ မွန်တိုင်းရင်းသားများက သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်ထံ ဧပြီလ ပထမပတ်အတွင်း စာပေးပို့မည်ဖြစ်ကြောင်း စာပေးပို့ရန် စီစဉ်နေသူများထံမှ သိရှိရသည်။ 

တံတားအမည် ပြောင်းပေးနိုင်ရန် တောင်းဆိုချက် ငါးချက်ပါ စာတစ်စောင်ကို ပေးပို့မည်ဖြစ်ပြီး ဥပဒေ ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးနေကြောင်း သံလွင်တံတား (ချောင်းဆုံ) အမည်ပြောင်းလဲခြင်းဆိုင်ရာ အမျိုးသားအသွင် ဆန္ဒထုတ်ဖော်ရေး ကော်မတီ ပြန်ကြားရေးအဖွဲ့ မင်းမင်းနွယ်က ပြောကြားသည်။ 

တောင်းဆိုချက်များမှာ ဒေသခံ တိုင်းရင်းသားများ၏ ဆန္ဒကို လိုက်လျောပေးရန်၊ လူနည်းစု တိုင်းရင်းသားများ၏ အသံကို ဂရုစိုက်နားထောင်ပေးရန်၊ အများစုမဲဖြင့် အနိုင်ယူမှုများကို ရှောင်ရှားပေးရန်၊ ဖက်ဒရယ် ဒီမိုကရေစီစနစ် ပီပြင်စွာ တည်ဆောက်ပေးရန်၊ အမျိုးသားရင်ကြားစေ့ရေး တိုင်းရင်းသားတို့နှင့် ရိုးသားစွာ ဆွေးနွေးညှိနှိုင်းသွားရန် တောင်းဆိုမည် ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရှိရသည်။ 

တံတားအမည်ပြောင်းရေး လှုပ်ရှားမှုနှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီ အနေနှင့် မွန်တိုင်းရင်းသားအရေး လှုပ်ရှားရန် ပေါက်ဖွားလာသည့် ပါတီတစ်ခု ဖြစ်သောကြောင့် ဆန္ဒပြပြည်သူတို့၏ ဆန္ဒအတိုင်း ရပ်တည်သွားမည် ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာ တာဝန်ခံ နိုင်ဝင်းလှက ပြောကြားသည်။ 

ဆန္ဒပြခြင်းထက် ထိုသို့စာပေးပို့ရန် မတ်လ ၂၉ ရက်က ပြုလုပ်သည့် သံလွင်တံတားချောင်းဆုံ အမည်ပြောင်းလဲခြင်းဆိုင်ရာ အမျိုးသားအသွင် ဆန္ဒထုတ်ဖော်ရေး ကော်မတီ အစည်းအဝေး ဆွေးနွေးညှိနှိုင်း သဘောတူခဲ့ကြောင်း အဆိုပါ ကော်မတီထံမှ သိရှိရသည်။ 

ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်ပေးသည့် ကိစ္စရပ်နှင့် ပတ်သက်၍ မွန်လူမှုအဖွဲ့အစည်း၊ မွန်နိုင်ငံရေးပါတီများ၊ မွန်လူငယ်အဖွဲ့များ၊ မွန်သံဃာအဖွဲ့များ၊ မွန်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့အစည်းနှင့် အခြားအဖွဲ့အစည်းများစွာမှ ၎င်းတို့ထံ ကန့်ကွက်စာများ ပေးပို့ထားသော်လည်း တသ်စုံတစ်ရာ ပြန်လည်အကြောင်းကြားခြင်း မရှိကြောင်း ကော်မတီထံမှ သိရှိရသည်။ 

သံလွင်တံတား (ချောင်းဆုံ) ခေါ် ဗိုလ်ချုပ်အောင်ဆန်းတံတားကို လာမည့် ဧပြီလ ၉ ရက်တွင် ဖွင့်လှစ်မည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ်က သတင်းမီဒီယာများကို ပြောကြားထားသည်။