News

POST TYPE

EDITOR PICK POST

သင်္ကြန်ကာလ မီနီဘတ်စ်ယာဉ် အများစု ထွက်မည်
19-Mar-2017 tagged as YBS


ရန်ကုန်၊ မတ် ၁၉

သင်္ကြန်ရက်များ၌ မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများတွင် စီးတီးဘတ်စ်ယာဉ်ကြီးများ ထွက်ရှိမှု နည်းမည်ဖြစ်ပြီး မီနီဘတ်စ်ယာဉ် အများစု ထွက်မည်ဖြစ်ကြောင်း ယာဉ်လိုင်း တာဝန်ခံများထံမှ သိရသည်။

“ယာဉ်ကြီးတွေက မှန်ကွဲမှာ စိုးရတယ်။ ဒါကြောင့် မီနီဘတ်စ် ကလေးတွေပဲ အထွက်များမယ်။ သင်္ကြန်တွင်းစီးမယ့် ခရီးသည်တွေ အတွက်တော့ အဆင်ပြေအောင် ယာဉ်လိုင်းတွေက ထွက်ကြမှာပါ”ဟု ရန်ကုန်မြို့ပြ အများပိုင် သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဦးမောင်မောင်လွင်က ဆိုသည်။

သင်္ကြန်ကာလတွင် ခရီးသည်များ စီးနင်းမှု နည်းပါးမည်ဖြစ်ပြီး ယင်းသို့ နည်းပါးခြင်းကြောင့် သင်္ကြန်အကြိုနေ့မှစ၍ ရက်အလိုက် ယာဉ်စီးရေ ထွက်ရှိမှု လျော့နည်းမည်ဖြစ်ကြောင်း တိုင်းအစိုးရ အစည်းအဝေး တက်ရောက်ခဲ့သည့် ၎င်းက ပြောကြားသည်။

YBS ယာဉ်များအနေနှင့် သင်္ကြန်ကာလအတွင်း ခရီးစီးနင်းမှု အဆင်ပြေရန် ထွက်ရှိမည်ဖြစ်သော်လည်း စီးနင်းမှု နည်းခြင်း၊ အစိုးရ ရုံးပိတ်ရက် ဖြစ်ခြင်းတို့ကြောင့် ယာဉ်လိုင်း မထွက်ချင်ကြကြောင်း ယာဉ်လိုင်းတာဝန်ခံများက ပြောကြားသည်။

ယာဉ်ပျက်စီးမှု နည်းပါးနိုင်မည့် မီနီဘတ်စ်နှင့် ဒိုင်နာယာဉ်များ ပြေးဆွဲမည်ဖြစ်ပြီး ယာဉ်ကြီး အနည်းငယ်သာ ထွက်ရှိမည်ဖြစ်ကြောင်း YBS  ၅၉ ယာဉ်လိုင်းထံမှ သိရသည်။

မီနီဘတ်စ် ယာဉ်လိုင်းများမှ YBS ၈၊ ၉၊ ၁၀၊ ၁၁၊ ၁၇၊ ၅၉၊ ၇၆၊ ၆၇ စသည့် ယာဉ်လိုင်းများဖြစ်ပြီး ထွက်ရှိမည့် ယာဉ်စီးရေကို မကြာခင် အသိပေးမည်ဖြစ်ကြောင်း အဆိုပါ ယာဉ်လိုင်း တာဝန်ခံများထံမှ သိရသည်။

မတ်လ ၁၈ ရက်က တိုင်းအစိုးရ အဖွဲ့ရုံးတွင် သင်္ကြန်တွင်း ထွက်ရှိမည့် YBS ယာဉ်များနှင့် ပတ်သက်ပြီး ယာဉ်လိုင်း တာဝန်ခံများနှင့် တွေ့ဆုံကာ ဆွေးနွေးပြီး အဆိုပါ ကာလအတွင်း ယာဉ်စီးခ ပိုတောင်းခြင်းနှင့် စည်းကမ်းဖောက်မှုများကို အရေးယူခြင်းနှင့် ပတ်သက်၍ အစည်းအဝေးများ လုပ်ဆောင်ဆဲဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးသန်းဝင်းက ပြောကြားသည်။

“အဝေးပြေး ကားလက်မှတ် ၅၀ ရာခိုင်နှုန်း တိုးတောင်းမယ်ဆိုတဲ့ကိစ္စ၊ သင်္ကြန်တွင်းပြေးဆွဲမယ့် YBS ယာဉ်စီးရေကိစ္စနဲ့ စည်းကမ်းဖောက်တာတွေ အရေးယူမယ့် ကိစ္စတွေကအစ  အစည်းအဝေး မပြတ်သေးဘူး။ ရှေ့တစ်ပတ်ထဲမှ ပြတ်မယ်ထင်တယ်”ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်း ၈၀ ရှိပြီး ယာဉ်စီးရေ ၄၀ဝ၀ ဖြင့် နေ့စဉ် ခရီးသည် ပို့ဆောင်လျက် ရှိကြောင်း YRTA ထံမှ သိရသည်။     

J-06