POST TYPE

EDITOR PICK POST

တိုင်းလွှတ်တော်တွင် YBS ၊ အမှိုက်ကား၊ မီတာခ ၊ ညဈေးကိစ္စများ ဆွေးနွေးမည်
18-Mar-2017 tagged as ညဈေး YBS မီတာခ


ရန်ကုန်၊ မတ် ၁၇

သုံးလကျော်ကြာ ရပ်နားထားသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ပြည်သူများအကြား ဝေဖန်မှုမြင့်တက်ခဲ့သည့် YBS၊ ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူထားရသည့် စည်ပင်မှ အမှိုက်သိမ်းကား၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ပြောကြားခဲ့သည့် မီတာခကိစ္စနှင့် ညဈေးတန်းကိစ္စများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။ 

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလကုန်တွင် ရပ်နားထားသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကို မတ်လ ၂၀ ရက်နေ့တွင် ပြန်လည် စတင်မည်ဖြစ်သည်။ 

ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၏ စီမံကိန်းများကို စစ်ဆေးရာ အဆိုပါ ကိစ္စများအတွက်လည်း လွှတ်တော်တွင် ဆွေးနွေးသွားရမည်ဖြစ်ကြောင်း ယင်းကော်မတီ အတွင်းရေးမှူး ဦးကျော်ဇေယျက ပြောကြားသည်။ 

“အဲဒီစီမံကိန်းတွေရဲ့ အားနည်းချက်၊ အားသာချက်တွေကို ထောက်ပြမှာပေါ့ဗျာ”ဟု ၎င်းကဆိုသည်။

စည်ပင်က ဝယ်ယူသည့် အမှိုက်သိမ်းကားကိစ္စအတွက်လည်း လွှတ်တော်သို့ မေးခွန်းများ တင်ထားသော်လည်း ခွင့်ပြုမည်၊ ခွင့်မပြုမည်ကို မသိရှိရကြောင်း ဦးကျော်ဇေယျက ဆိုသည်။ 

စည်ပင်ကဝယ်ယူသည့် အမှိုက်သိမ်းကားမှာ မူရင်းတန်ဖိုးထက် ဈေးနှုန်းကြီးမြင့်စွာ ပေးချေခဲ့ရကြောင်း ဝေဖန်မှုများ ထွက်ပေါ်ခဲ့သော်လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဒေါ်လှိုင်မော်ဦးက မဟုတ်မှန်ကြောင်း ငြင်းဆိုထားသည်။

ထိုပြင် ပြီးခဲ့သည့် လပိုင်းအတွင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် အစီအမံဖြင့် ပြုလုပ်ခဲ့သည့် YBS ကိစ္စတွင်လည်း ခရီးသည်များ အဆင်ပြေမှုမရှိဘဲ လက်ရှိတိုင် ဆိုးကျိုးများ ခံစားနေရဆဲဖြစ်သည်။ 

“နောက်သုံးလကြာရင် ကတ်စနစ် ဖော်မယ်ပြောပေမယ့် ကတ်စနစ်ဆိုပေမယ့် ကားတောင်မလောက်ဘူး ဖြစ်နေတယ်။ လုပ်ရင် ပီပီပြင်ပြင်လုပ်၊ မဟုတ်ရင် ကိုယ်စားလှယ်တွေပါ နာမည်ပျက်တယ်။ ပြောသလို မလုပ်နိုင်ရင် နောက်နောင် ပြည်သူက အယုံအကြည်မဲ့တယ်။ အခုက ကားခတွေပိုတက် ပိုဆိုးလာတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက မှတ်ချက်ပြုသည်။

ပြည်ပမှ ခရီးသည်တင်ယာဉ်များ မှာယူထားသော်လည်း လက်ရှိ ၂၀၁၇ နှစ်ကုန်မှ ရောက်ရှိမည်ဟု ကြားသိရကြောင်း ၎င်းကဆိုသည်။

ယခုဘဏ္ဍာနှစ်မှစ၍ မီတာခ တက်မည်ဆိုသည့် သတင်းများမှာလည်း မတ်လဆန်းအတွင်း ထွက်ပေါ်ခဲ့သေးသည်။ ယင်းကိစ္စမှာလည်း လွှတ်တော်တွင် ဆွေးနွေးဖွယ် ကိစ္စများ ဖြစ်လာမည်ဟု တိုင်းလွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။