News

POST TYPE

EDITOR PICK POST

ဦးဝီရသူ တရားပွဲ စီစဉ်သူကို အရေးယူမည်
13-Mar-2017 tagged as ဦးဝီရသူ

ပုသိမ်၊ မတ်လ ၁၃

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို တစ်ဖက်ကမ်း သရက်ကုန်းသီးကွင်း ကျေးရွာအုပ်စုတွင် မတ်လ ၁၁ ရက်နေ့ညက ပါးစပ်ပလာစတာ ပိတ်ထားသည့် မန္တလေး မစိုးရိမ်တိုက်သစ်မှ ဘဒ္ဒန္တဝိစိတ္တာဘိဝံသ ( ဦးဝီရသူ) ၏ တရားပွဲစီစဉ်သူ ဦးမောင်ဝင်းကို သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဥပဒေနှင့်အညီ အရေးယူရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လျှပ်စစ် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

သီးကွင်းရွာမှ တရားပွဲ စီစဉ်သူ ဦးမောင်ဝင်းကို ခရိုင်မြို့နယ်နှင့် ရပ်/ကျေး အထွေထွေအုပ်ချုပ်ရေး ဦးစီဌာနတို့မှ မန္တလေး မစိုးရိမ်တိုက်သစ်မှ ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ ( ဦးဝီရသူ) ၏ တရားပွဲကို ခွင့်မပြုကြောင်း အသိပေးရာ ဦးမောင်ဝင်းက သိရှိသည်ဟု ၀န်ခံပြုခဲ့ကြောင်း၊ သို့သော် တရားပွဲစီစဉ်သူ ဦးမောင်ဝင်းက ပါးစပ်ပလာစတာ ပိတ်ထားသည့် မန္တလေး မစိုးရိမ်တိုက်သစ်မှ ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ (ဦးဝီရသူ) ကို တရားဟော စင်ပေါ်တင်၍ တရားခွေကိုဖွင့်ကာ တရားပွဲကို စီစဉ်ခဲ့သည့်အတွက် ဥပဒေချုပ်၏ အကြံပေးချက်ကို ရယူပြီး အထွေထွေအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ယူ၍ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ၀န်ကြီးက ရှင်းပြသည်။

“အချို့အွန်လိုင်း သတင်းဌာနတွေမှာ တိုင်းအစိုးရက ဆရာတော်ကို အရေးယူတယ်၊ အမှုဖွင့်တယ် ဆိုပြီး သတင်းထုတ်ပြန်နေပါတယ်။ အဲတာမမှန်ပါဘူး၊ ကျွန်တော်တို့ အစိုးရ အနေနဲ့ ဆရာတော်ကို အရေးယူဖို့ ဘာမှမစီစဉ်ပါဘူး၊ ဒါက သံဃာ့ကိစ္စပါ နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့က ဓမ္မစက်နဲ့ ဆောင်ရွက်ကြမယ့်အပိုင်း ဖြစ်မယ် ထင်ပါတယ်” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။


ထို့အတူ မတ်လ ၈ ရက်နေ့ ညကလည်း ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် လေးအိမ်စု ကျေးရွာအုပ်စု တာတပေါ အရှေ့ကျေးရွာတွင် မန္တလေး မစိုးရိမ်တိုက်သစ်မှ ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ ( ဦးဝီရသူ) သည် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ၏ တရားဟောကြား ခွင့်မပြုခြင်းကို တားမြစ်နေသည့်ကြားမှ လိုက်နာခြင်း မရှိပဲ တရားဟောခဲ့ကြောင်း၊ အဆိုပါ တရားပွဲ ဖြစ်ခဲ့ရသည့်အတွက် လုပ်ငန်းတာဝန်များကို အချိန်နဲ့ တပြေးညီ ဆောင်ရွက်နိုင်မှု မရှိသော ၀န်ထမ်းများကို စစ်ဆေးဆောင်ရွက်နေကြောင်း ၀န်ထမ်းများ၏ တာဝန်အရ လျှောက်ထားမှုကို လိုက်နာခြင်းမရှိ အတင်းအကြပ် လုပ်ခဲ့သော သံဃာနှစ်ပါးကို တိုင်းသံဃနယကအဖွဲ့နဲ့ သံဃမဟာနာကယအဖွဲ့ ဆရာတော်ကြီးများထံ တင်ပြလျှောက်ထား ခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ညွှန်ကြားမှူး ဦးမျိုးမင်းထွန်းက ပြောသည်။

ထို့အပြင် ဖေဖော်ဝါရီလ အတွင်းက ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြခြင်းမရှိဘဲ တရားဟောပြောခွင့် ပြုပေးခဲ့သည့် ကျုံကူးကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဟိုင်းကြီးကျွန်းမြို့ အုပ်ချုပ်ရေးတို့အား အစိုးရအဖွဲ့အတွင်းရေးမှူးမှ ခေါ်ယူသတိပေးသင့်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ (၇/၂၀၁၇) အစည်းအဝေး ဆုံးဖြတ်ချက် ၂၂ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

(မဘသ ) ဦးဆောင် ဆရာတော် မန္တလေး မစိုးရိမ်တိုက်သစ်မှ ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ (ဦးဝီရသူ) အား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ (၇/၂၀၁၇) အစည်းအဝေး အမှတ်စဉ် ၂၂ အရ ဧရာဝတီတိုင်းဒေသကြီး တရားဟောပြောခြင်းကို ပိတ်ပင်လိုက်ကြောင်း မတ်လ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ပြီးနောက် မတ်လ ၁၁ နေ့တွင်လည်း နိုင်ငံတော် သံဃာမဟာနယကအဖွဲ့ တရားဟောပြောခွင့် တစ်နှစ် ပိတ်ပင်ထားည်။

R - 12
ဓာတ်ပုံ - ကိုဇော် (အိမ်မဲ )