News

POST TYPE

EDITOR PICK POST

လောက်ကိုင်တိုက်ပွဲတွင် ကျဆုံးသည့် ရဲတပ်ဖွဲ့ဝင်များကို ၁၀ သိန်းစီ ထောက်ပံ့

လားရှိုး၊ မတ် ၁၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် မတ်လ ၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ရဲတပ်ဖွဲ့ဝင်များကို တစ်ဦးလျှင် ကျပ် ၁၀ သိန်းစီ ထောက်ပံ့ပေးခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း ရန်လုံကျိုင်း နယ်မြေရဲစခန်းမှ ကျဆုံးတပ်ဖွဲ့ဝင်များကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ တစ်ဦးလျှင် ကျပ် ၁၀ သိန်းစီ ထောက်ပံ့ခဲ့ခြင်း ဖြစ်သည်။

လောက်ကိုင်မြို့ကို အကြမ်းဖက် သောင်းကျန်းသူများ၏ ဝင်ရောက် တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၇ ဦးနှင့် ကိုးကန့် ရဲတပ်ဖွဲ့ဝင် တစ်ဦးတို့ ကျဆုံးခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။  

မတ်လ ၆ ရက်နေ့ နံနက်၂နာရီခန့် က အင်အား ၂၀ ခန့်ရှိ လက်နက်ကိုင်အဖွဲ့ တစ်ခုက လောက်ကိုင်မြို့ ရန်လုံကျိုင်းရှိ လက်နက် စက်ရုံဟောင်းဘက်မှ စတင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နံနက် ၃ နာရီခန့်တွင် ရန်လုံကျိုင်း ရဲစခန်းကို လက်နက်ကြီးများနှင့် ထပ်မံ ပစ်ခတ်ခဲ့ကြောင်း ရဲစခန်းအနီးရှိ တပ်ဖွဲ့ဝင် မိသားစုများ၏ နေထိုင်ရာ တိုက်ခန်းများကိုလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုဖြစ်ပေါ်ခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန် သည်။

အဆိုပါ ရန်လုံကျိုင်းနယ်မြေ ရဲစခန်းတွင် အရာရှိ သုံးဦးအပါအဝင် ရဲတပ်ဖွဲ့ဝင်အင်အား ၂၇ ဦးရှိပြီး တပ်ကြပ်ကြီး တစ်ဦးနှင့် အခြားအဆင့် တပ်ဖွဲ့ဝင် ခုနစ်ဦး ကျဆုံးကာ ကိုးကန့် ရဲတပ်ဖွဲ့ဝင် ၄၅ ဦးအနက် တစ်ဦး ကျဆုံးခဲ့သည်။

ယင်းနယ်မြေ ရဲစခန်းမှတပ်ဖွဲ့ဝင် မိသားစု အသီးသီးသည် လောက်ကိုင်မြို့ ရန်လုံကျိုင်းနယ်မြေရဲစခန်းတွင် နေထိုင်ခြင်းမရှိဘဲ ဇာတိရပ်ရွာသို့ ပြန်လည် နေထိုင်ကြသဖြင့် အိမ်ထောင်သည်လိုင်းများ ပစ်ခတ်ခံရသော်လည်း သေဆုံးထိခိုက်မှု မရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်များထံမှ သိရသည်။ 
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၂၀ ရက် နေ့က မိုင်းယု၊ ၁၀၅ မိုင်ရဲကင်းကို အကြမ်းဖက် သောင်းကျန်းသူများက တိုက်ခိုက်မှုရှိခဲ့ပြီး မူဆယ်၊ ကြူကုတ် (ပန်ဆိုင်း)၊ မုံးကိုး တိုက်ခိုက်ခံရမှုတွင် ရဲတပ်ဖွဲ့ဝင် ၁၅ ဦး ကျဆုံးခဲ့သည်။

R-07