News

POST TYPE

EDITOR PICK POST

လောက်ကိုင်စစ်ဘေးရှောင် လေးထောင်ကျော်အထိ မြင့်တက်

မန္တလေး၊ မတ် ၁၀

ရှမ်းပြည်နယ် (မြောက်ပိုင်း)လောက် ကိုင်ဒေသတွင် ဖြစ်ပွားနေသည့်တိုက်ပွဲ များကြောင့် စစ်ဘေးရှောင်သူဦးရေ လေးထောင်ကျော်အထိ မြင့်တက်လာကြောင်း လားရှိုးမြို့နယ် စစ်ဘေးရှောင် ကယ်ဆယ်ရေး ကော်မတီမှ ဦးမောင်မောင်သန်းက ပြောကြားသည်။

မတ်လ ၇ ရက်မှ ၁၀ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားရာ ဒေသများမှ ကြံခုတ်တောင်သူများ ထွက်ပြေးလာကြရာ လားရှိုးမြို့မှတစ်ဆင့် တစ်ရက်လျှင် ပျမ်းမျှ တစ်ထောင်ခန့် နေရပ်ပြန်လည် ပို့ဆောင်ပေးနေကြောင်း ၎င်းက ပြောဆိုသည်။

“စစ်ဘေးရှောင်တွေထဲမှာ ရဲဝန်ထမ်း မိသားစုတွေ ၂၀ ကျော်လောက် ပါတယ်။ နောက်ပြီး ကျန်းမာရေး ဝန်ထမ်းတွေလည်း ၁၀ ဦးလောက် ပါတယ်။ ကျန်းမာရေး ဝန်ထမ်းတွေဆို ထွက်ပြေးလာတာ သိမှာ ကြောက်တော့ မပြောရဲကြဘူး။ ကျွန်တော်တို့ကသိလို့ ချော့မော့ပြောပြပြီးမှ လားရှိုးဆေးရုံနဲ့ ဆက်သွယ်ပေးရတယ်”ဟု ဦးမောင်မောင်သန်းက ဆိုသည်။

လက်ရှိ လောက်ကိုင်ဒေသသို့ လာရောက်သူ အားလုံးကို ပေးမဝင်ဘဲ ချင်း ရွှေဟော်အထိသာ ဝင်ရောက်ခွင့်ပြုထားကြောင်း၊ နယ်စပ် ကုန်သွယ်ရေး အခြေအနေမှာလည်း ရပ်တန့်နေကြောင်း လောက်ကိုင်သို့ ကြက်ခြေနီအဖွဲ့နှင့်အတူ သွားရောက်ခဲ့သည့် ၎င်းက ဆက်လက် ပြောဆိုသည်။

စစ်ဘေးရှောင်ခဲ့ကြသူတို့သည် တရုတ်နယ်စပ်ဘက်သို့ ကြံခုတ်တောင်သူအဖြစ် သွားရောက် လုပ်ကိုင်ကြခြင်းဖြစ်ပြီး အများစုမှာ လုပ်အားခ မရရှိဘဲ ပြန်လာခဲ့ကြရကြောင်း ၎င်းတို့ထံမှ သိရှိရသည်။

“ပိုက်ဆံတစ်ကျပ်မှမရဘူး။ အလုပ် လုပ်ခဲ့တာ တစ်လနဲ့ ဆယ်ရက်။ ကျွန်တော်တို့အဖွဲ့က ၁၈ ဦး၊ တစ်ယောက်မှ ပိုက်ဆံ မရခဲ့ဘူး”ဟု ရမည်းသင်းမြို့နယ်မှ ချင်း ရွှေဟော်နယ်စပ်သို့ ကြံခုတ်တော်သူအဖြစ် သွားရောက် လုပ်ကိုင်သည့် ဦးဝင်းမောင်က ပြောကြားသည်။

လားရှိုးမြို့မှ ရောက်ရှိလာသူများကို မန္တလေးမြို့ ချမ်းမြရွှေပြည် ကားကြီးကွင်း (ကျွဲဆည်ကန်)တွင် ယာယီ နေရာချထားပေးပြီး သက်ဆိုင်ရာ ဒေသအသီးသီးသို့ ပြန်လည် ပို့ဆောင်ပေးနေကြောင်း၊ မတ်လ ၁၀ ရက်နေ့အထိ စစ်ဘေးရှောင်သူ ၂၅၀ဝ ဦးခန့်ကို ပို့ဆောင်ပေးပြီးဖြစ်ကြောင်း ပြည်ကြီးတံခွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။