News

POST TYPE

EDITOR PICK POST

လောက်ကိုင်မြို့ကို စွန့်ခွာလာသည့် ကြံခုတ်လုပ်သား ကိုမြင့်လွင်နှင့် တွေ့ဆုံခြင်း
ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်အတွင်း တိုက်ပွဲများ ပြင်းထန်နေသောကြောင့် ရွှေ့ပြောင်းလုပ်သားများ နေရပ်ပြန်လာပြီဖြစ်ရာ မန္တလေးမြို့တော်ရှိ ကျွဲဆည်ကန် ကားကြီးကွင်းသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင် ကြံခုတ်လုပ်သား ကိုမြင့်လွင်နှင့် တွေ့ဆုံမေးမြန်းထားသည် များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice : အစ်ကိုက ဘယ်မြို့ကို ပြန်မှာလဲဗျ။

KML : ကျွန်တော်က မကွေးမြို့နယ်ဘက်က ရွာကိုပြန်ရမှာပါ။

Voice : လောက်ကိုင်ကို ဘာသွားလုပ်တာလဲဗျ။ တိုက်ပွဲဖြစ်တာကို ဘယ်လိုကြုံရတာလဲ။

KML : ကျွန်တော်တို့က လောက်ကိုင်မှာ သွားပြီးတော့မှ ကြံခုတ်ပါတယ်။ ကြံခုတ်တဲ့နေရာမှာ မတ်လ  ၆ ရက်နေ့ မနက် ၂ နာရီလောက်မှာ တိုက်ပွဲစဖြစ်ပါတယ်။ ဖြစ်တော့ ကျွန်တော်တို့က ဟိုဘက်ကပစ် ဒီဘက်ကပစ်နဲ့ ကျွန်တော်တို့က ကြားထဲမှာ ရောက်နေတာ။ ချောင်းတောင်မှ ရဲရဲတင်းတင်း မဆိုးရဲလောက်အောင် ဖြစ်နေခဲ့တာ။ တစ်ညလုံးလည်း မအိပ်ရဘူးပေါ့ဗျာ။ ဝပ်ပဲဝပ်နေရတာ။  မနက်ကြီး လင်းအားကြီး ၈ နာရီလောက်မှ တိုက်ပွဲအခြေအနေလေးကြည့်ပြီး လောက်ကိုင်မြို့ထဲ ပြန်ဝင်ရတာ။

Voice : လောက်ကိုင်ကနေ ဘယ်လိုပြန်ထွက်ခဲ့လို့ မန္တလေး ရောက်လာတာလဲဗျ။ အခက်အခဲ ရှိသလား။

KML : ဒီကိုဆင်းလာတော့ ကျွန်တော်တို့ ကားအခက်အခဲဖြစ်တော့ လူတစ်ယောက်ကို နှစ်သောင်းခွဲတောင်းတာ။ နှစ်သောင်းနဲ့ တည့်ခဲ့ပါတယ်။ တည့်ပြီးဆင်းလာတယ်။ လားရှိုးရောက်မှ ဘုန်းကြီးကျောင်းကနေ ကျွန်တော်တို့ကို ကူညီလို့ ဒီကိုရောက်လာတာ။ အဲဒီမှာ (လောက်ကိုင်မှာ) ကြံခုတ်တဲ့ လုပ်အားခတွေ တစ်ယောက်ကို ငါးသိန်းလောက် ကျန်နေခဲ့ပါတယ်။ ကျွန်တော်အပါအဝင် ၂၈ ယောက်တိတိ လုပ်အားခတွေ မရခဲ့ပါဘူး။ ပြန်ရဖို့ကလည်း မမျှော်လင့်တော့ပါဘူး။

Voice : ဘာဖြစ်လို့ လောက်ကိုင်ဘက်မှာ အလုပ်လုပ်ရတာလဲဗျ။

KML : ကျွန်တော်တို့က ကိုယ့်နယ်မှာ တစ်မိုးတစ်ချီ လုပ်ကိုင်စားလို့ အဆင်မပြေလို့။ တောင်သူပဲ လုပ်ကိုင်စားသောက်ကြတာပါ။ လောက်ကိုင်မှာ နှစ်လခွဲ သုံးလလောက် ဝမ်းစာအတွက် သွားရှာကြတယ်။ အဲလိုရှာရင် ငွေများများရတယ်။ ခုလိုမျိုး တိုက်ပွဲတွေဖြစ်တော့ ကျွန်တော်တို့ဘက်က စီးပွားကဏ္ဍနဲ့ ပတ်သက်ပြီးတော့ ဆုံးရှုံးတယ်ပေါ့ဗျာ။ ဆုံးရှုံးတာကိုထား၊ ကျွန်တော်တို့က စစ်တပ်ကို အများကြီး အားပေးမှုတွေ ရှိခဲ့ပါတယ်။ ကျွန်တော်တို့ငွေကို ကျွန်တော်တို့ မရတာက ဘာမှမဖြစ်ပါဘူး။ အခုလို သုံးနှစ်တစ်ကြိမ်လောက် စစ်ဖြစ်နေတော့ ကျွန်တော်တို့က သူတို့အတွက်ပဲ ခွန်အားတွေ အများကြီး ပေးချင်ပါတယ်။ သူတို့က တိုက်ရတာ။ ကျွန်တော်တို့က ဘေးကအားပေးဖို့ပဲ တတ်နိုင်တာ။

Voice : ဒီကိုပြန်လာတော့ အခြားအခက်အခဲတွေ ကြုံရသေးလား။

KML : ကျွန်တော်တို့က နှစ်ခါရှိပြီ။ မန်ဆူမှာလည်း တည်းရတယ်။ ခုမန္တလေးမှာလည်း တည်းရတယ်။ ကျွန်တော်တို့ကို ကူညီတဲ့ ကြက်ခြေနီအဖွဲ့တွေ၊ လူမှုရေးအဖွဲ့တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ အတိုင်းအတာ အနေနဲ့ကတော့ အိပ်ရေးပျက်တာနဲ့ စားရေးသောက်တာ အခက်အခ ရှိတယ်လို့လည်း မဟုတ်ပါဘူး။ ရွာရောက်ရင်လည်း  အဆင်ပြေမှာပါ။

Voice : လောက်ကိုင်ကနေ စစ်ဘေးရှောင်လာတဲ့သူ ဘယ်လောက်ရှိသလဲဗျ။

KML : ကျွန်တော်တို့ မြင်တွေ့သလောက်ကို လူပေါင်းတစ်ထောင်ကျော်ကျော်လောက် ရှိတာ။ ဒီ  (မန္တလေး) ရောက်လာတာကိုပဲ တစ်ထောင်ကျော်သွားပြီလို့ ကြားတယ်ဗျ။ ကြားထဲက မြို့တွေမှာ ဆင်းခဲ့သူတွေလည်း ရှိတယ်။ တရုတ်ဘက်ကို ထွက်ပြေးတဲ့ သူတွေလည်း အများကြီးပဲ။ 

Voice : လောက်ကိုင်ကို ပြန်သွားဦးမှာလားဗျ။ 

KML : ကိုယ့်နယ်မှာလည်း တောင်သူပဲလုပ်တာ ဆိုတော့ အခြေအနေကောင်းတယ်ဆို ပြန်သွားမှာ။ ဒီမှာ (လောက်ကိုင်မှာ) နှစ်လခွဲ သုံးလလောက်လုပ်ရင် လေးငါးခြောက်သိန်း ကျန်တယ်လေဗျာ။ အခြေအနေကောင်းရင် ပြန်သွားမယ်။

Voice : အခုလိုဖြေပေးတာ ကျေးဇူးတင်ပါတယ်။

မောင်သန့်