News

POST TYPE

EDITOR PICK POST

ရန်ကုန်နှင့် ဒေသအချို့ အချိန်အခါမဟုတ် မိုးရွာမည်
09-Mar-2017 tagged as မိုးလေဝသ

ဓာတ်ပုံ - မိုး/ဇလ
ရန်ကုန်၊ မတ် ၉

လေအေးနှင့် လေနွေးများစုဆုံမှုနှင့် လေပွေလှိုင်းများ အရှိန်ကြောင့် ရန်ကုန် တိုင်းဒေသကြီး အပါအဝင် ဒေသအချို့တွင် အချိန်အခါမဟုတ် မိုးရွာနိုင်ပြီး မိုးတိမ်တောင်များကြောင့် လေပြင်း တိုက်ခတ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ လေပွေလှိုင်းများ အရှိန်ကြောင့် နောက်နှစ်ရက်အတွင်း ရန်ကုန် တိုင်းဒေသကြီး၊ နေပြည်တော်၊ မန္တလေး တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် မိုးထစ်ချုန်း ရွာနိုင်ကြောင်း အဆိုပါဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက ပြောကြားသည်။

ထို့ပြင် နေ့အပူချိန်များ မြင့်တက်နေသည့်အတွက် မွန်းလွဲနှင့် ညနေပိုင်းများတွင် မိုးတိမ်တောင်များ အဖြစ်များကာ ယင်းတိမ်တိုက်များ ရွေ့လျားရာ လမ်းတစ်လျှောက်တွင် မိုးထစ်ချုန်း ရွာပြီး လေပြင်း တိုက်ခတ်နိုင်သည်ကို သတိပြုရန် လိုအပ်ကြောင်း ၎င်းကပြောဆိုသည်။

ဘင်္ဂလား ပင်လယ်အော်ဘက်မှ ရွေ့လျားလာသည့် လေနွေးများ စုဆုံမှုနှင့် အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ အရှိန်ကြောင့် နောက်သုံးရက်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းချက် ထုတ်ပြန်သည်။

မိုးတိမ်တောင်များ ရွေ့လျားရာ လမ်းတစ်လျှောက်တွင် လေပြင်းတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီး ကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်း ရွာခြင်း စသည်တို့ ဖြစ်ပေါ်နိုင်ကာ လေပြင်း တိုက်ခတ်စဉ် လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်း အဆိုပါဌာနက သတိပေးထားသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် မိုးသည်းထန်ပြီး လေပြင်း တိုက်ခတ်ခဲ့ရာ နေအိမ် ၅၀ ကျော် ပျက်စီးကာ လေပြင်းဒဏ်ကြောင့် လူနှစ်ရာခန့် နေထိုင်ရေးအခက်အခဲ တွေ့ကြုံခဲ့ရသည်။

E-03