News

POST TYPE

EDITOR PICK POST

ကိုဆွေဝင်း၊ ဆရာတော် ဝီရသူ ဒါယကာ ဦးကျော်မျိုးရွှေတို့နှင့် တွေ့ဆုံခြင်း
09-Mar-2017 tagged as မဘသ

“လူသတ်ဝါဒကို အားပေးနေတဲ့ ဘယ်ပုဂ္ဂိုလ်ကိုမှ တောင်းပန်စရာအကြောင်း မရှိဘူး”
Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းနှင့် တွေ့ဆုံခြင်း

အင်းဝအပ်ချုပ်ဆိုင် မိသားစု၏ နှိပ်စက်ခံရသော အိမ်အကူ မိန်းကလေးနှစ်ဦး အကြောင်းအား စုံစမ်းဖော်ထုတ် ရေးသားခဲ့သူ Myanmar Now သတင်းထောက် ကိုဆွေဝင်းကို ဆရာတော် ဦးဝီရသူ၏ ဒါယကာတစ်ဦး ဖြစ်သည့် ဦးကျော်မျိုးရွှေက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အရေးယူပေးရန် မန္တလေးမြို့ မဟာအောင်မြေမြို့ရှိ အမှတ် ၇ နယ်မြေရဲစခန်းတွင် မတ်လ ၇ ရက်နေ့ညက အမှုဖွင့်ခဲ့ရာ ယင်းအခြေအနေနှင့် ပတ်သက်၍ သတင်းထောက်ချုပ် ကိုဆွေဝင်းက  မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားချက်များကို ကောက်နုတ်ဖော်ပြပါသည်။ 

Q: ဦးကိုနီ အသတ်ခံရတဲ့ ကိစ္စမှာ မဘသက ဘယ်လိုဆက်စပ်နေလဲ။ 

A : လင်းဇော်ထွန်း၊ ဇေယျာဖြိုးတို့ဟာ မဘသ ဆရာတော်တွေနဲ့ သီးသန့်တွေ့ဆုံညှိနှိုင်းတဲ့ ဓာတ်ပုံတွေရတယ်၊ အဲဒါတွေကို ယူပြီး သူတို့နဲ့ သိကျွမ်းတဲ့သူတွေကို မေးမြန်းတိုက်စစ်တဲ့အခါ မှန်တယ်လို့ သိရတယ်၊ ပြည်ထဲရေး သတင်းစာရှင်းလင်းပွဲမှာလည်း ဒီလူတွေဟာ အစွန်းရောက် မျိုးချစ်စိတ်ကြောင့် ဖြစ်ရတယ်ဆိုတော့ ဒီဟာနဲ့ ဆက်စပ်နေတယ်။ သူတို့နဲ့ တခြားထိပ်တန်း အဖွဲ့အစည်းတစ်ခုနဲ့ တွေ့ခဲ့တယ် ဆိုရင်လည်း ဒီလိုပဲ မေးမှာပဲ။ အဲဒါ မည်သူမဆို မေးရမှာပဲ။ အမှုအခြင်း အကြောင်းအရာအရ သံသယဖြစ်စရာ ကောင်းတဲ့သူ မေးသင့် မေးထိုက်တဲ့သူ မည်သူ့ကိုမဆို မေးရမှာပဲ။ 

Q: အဲဒီမေးခွန်းအပေါ် ဘယ်လို တုံ့ပြန်ခံရလဲ။ 

A : အဲဒီ မေးခွန်းကြောင့်ပဲ ဦးကိုနီကို ဘုန်းကြီးက သတ်ခိုင်းသလားဆိုပြီး ဖြန့်ချိကြတယ်၊ ဒီစကားလုံး အသုံးအနှုန်းရဲ့ အဓိပ္ပာယ်က ဆင်တူသလို ရှိပေမယ့် အများကြီး ကွာခြားပါတယ်၊ ဖြစ်စဉ်အပေါ်မှာ ဓာတ်ပုံအထောက်အထားတွေအရ မေးတဲ့မေးခွန်းအပေါ်မှာ ဘုန်းကြီးဆိုတဲ့ အသုံးအနှုန်းနဲ့ မဘသဆိုတဲ့ စကားလုံးက မတူပါဘူး၊ ဒီလိုလုပ်ကြံပြီး ပြောဆိုနေကတည်းက ကျွန်တော် လုပ်ကြံခံရတော့မယ် ဆိုတာ ကြိုတွေးမိတယ်။

Q: ဦးဝီရသူ ပါရာဇိက ကံကျပြီလို့ ရေးတဲ့အချိန်က မေးမြန်းဆက်သွယ်မှုကို ရှင်းပြပေးပါ။ 

A : သတင်းရေးတယ်ဆိုတာ သူ မပြောတဲ့ ဥစ္စာကို ပြောပါတယ်ဆိုပြီး ရေးလို့မရဘူး၊ သူ့ကို ဆက်သွယ်တယ်၊ ဆက်သွယ်လို့မရဘူး၊ အဲဒါကြောင့် မဘသနဲ့ ဆက်စပ်တဲ့ ရှေ့နေကြီး ဦးအေးပိုင်ကို မေးတယ်၊ မဘသ အထွေထွေအတွင်းရေးမှူး မော်လမြိုင်မှာ သီတင်းသုံးတဲ့ ဆရာတော်ကို မေးတယ်၊ ဦးဝီရသူရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ဘာပြောချင်သလဲပေါ့။ ကာယကံရှင် ဆက်လို့မရတဲ့အတွက် မရကြောင်း ထည့်ရေးတယ်၊ ပြီးတော့မှ ဆက်စပ်တဲ့ အဖွဲ့အစည်းတွေရဲ့ ဖြေကြားချက်ကို ထည့်ရေးခဲ့တာ။ နောက် သတင်းထုံးစံအတိုင်းပဲ ဆန့်ကျင်ဘက် သံဃာတော်တစ်ပါးကို မေးတာ၊ ဒီလိုမျိုး လူသတ်မှုကို အားပေးအားမြှောက် ပြုတာဟာ တတိယ ပါရာဇိကကံ ကျတယ်ဆိုပြီး သူကနေ ပြောတဲ့အတွက် ထည့်ရေးတယ်၊ သူ မပြောတဲ့ဥစ္စာကို ပြောပါတယ်ဆိုပြီး ထည့်ရေးတာ မဟုတ်ဘူး၊ အဲဒီသတင်းကိုပဲ ဖေ့စ်ဘွတ်ပေါ်မှာ ပြန်ရှဲတဲ့အချိန်မှာ ဦးဝီရသူ ပါရာဇိက ကံကျပြီး ဖြစ်ကြောင်း သိရပါတယ်ဆိုပြီး ရှဲတာ၊ ကျွန်တော်ပြောတဲ့ စကားလုံးက ပါရာဇိကကံ ကျပြီးဖြစ်ကြောင်း သိရလို့ ရေးတာ၊ ကျတယ်လို့ ကောက်ချက်ချရေးတာ မဟုတ်ဘူး။

Q: အခုလို အမှုဖွင့်တာက ဘာကြောင့် အမှုဖွင့်တာလို့ ထင်မြင်ယူဆပါသလဲ။ 

A : တိုင်ကြားတဲ့သူက နေရပ်လိပ်စာအ ပြည့်အစုံနဲ့ တိုင်ကြားတာ၊ ဒီလိပ်စာက မကြာခင်ကမှ ပြောင်းလာတဲ့ လိပ်စာပါ၊ ဒီလိပ်စာကို ဘယ်ကနေရလဲ၊ အာဏာပိုင် အဖွဲ့အစည်းတစ်ခုကနေ မပေးပဲနဲ့ ရစရာအကြောင်း မရှိဘူး၊ အာဏာပိုင် အဖွဲ့အစည်းကနေ ပူးပေါင်းပြီးတော့ လုပ်တာ၊ အာဏာပိုင် အဖွဲ့အစည်းကနေ ပူးပေါင်းပြီး မီဒီယာ သတင်းတွေကို နှိပ်ကွပ်ဖို့၊ လွတ်လပ်စွာ ပြောဆိုခွင့်တွေကို ပိတ်ပင်ဖို့ လုပ်တာလို့ မြင်တယ်။

Q: အခုအမှုဖွင့်ခံရတာနဲ့ ပတ်သက်လို့  ဦးဝီရသူကို တောင်းပန်သွားဖို့ ရှိပါသလား။

A : သတင်းမှားရင် တောင်းပန်မယ်၊ အခုဟာက သတင်းမှားနေတာ မဟုတ်ဘူး။ ဗုဒ္ဓဘာသာဝင်တစ်ယောက် အနေနဲ့ ဦးဝီရသူရဲ့ ပြောကြားချက်ဟာ အင်မတန် ဝမ်းနည်းကြေကွဲစရာ ကောင်းပါတယ်၊ Time မဂ္ဂဇင်းမှာဆိုရင် ဗုဒ္ဓဘာသာနဲ့ အကြမ်းဖက်သမားနဲ့ တွဲသုံးတာ ရှိတယ်၊ အဲလိုတွဲသုံးခံလိုက်ရတာဟာ အင်မတန်မှ ရင်နာစရာကောင်းတယ်၊ ဗုဒ္ဓဘာသာဟာ အင်မတန်မွန်မြတ်တဲ့ တရားပါ၊ ဒီတရားတွေရှိတဲ့ ကိုယ့်ဗုဒ္ဓဘာသာကို အကြမ်းဖက်သမား ဆိုတာနဲ့ သုံးခံရတာ မကြိုက်ဘူး၊ အဲဒါကြောင့် ကျွန်တော်တို့ ဆက်ပြီးတော့ ရေးနေဦးမှာပဲ။ ဆန့်ကျင်နေဦးမှာပဲ။ လူသတ်ဝါဒကို အားပေးနေတဲ့ ဘယ်ပုဂ္ဂိုလ်ကိုမှ တောင်းပန်စရာအကြောင်း မရှိဘူး။ ဒီအချိန်မှာ ရဲကနေပြီး အမှုလက်ခံထားတာပဲ ရှိသေးတယ်၊ အထက်ကနေပြီးတော့ ဖွင့်သင့် မဖွင့်သင့် ပြန်မကျသေးဘူးပေါ့။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဦးကျော်မျိုးရွှေက ပြောတယ်၊ ဖွင့်ခိုင်းထားတာက  ဆရာတော်ကပေါ့၊ ဆရာတော်နဲ့ ကျွန်တော် ညှိနှိုင်းလို့ ပြေလည်ရင် ဘာမှဆက်လုပ်စရာ မရှိဘူးပေါ့၊ ကျွန်တော့်အနေနဲ့ကတော့ ဘာမှညှိနှိုင်းစရာ အကြောင်းမရှိဘူး၊ ဥပဒေအတိုင်းပဲ ရင်ဆိုင်သွားမယ်၊

ဇော်မိုးလွင်

“မဘသအဖွဲ့ကို စော်ကားရင်၊ ထိပါးရင်၊ ပုတ်ခတ်ရင် ဘယ်သူ့ကိုမဆို တရားဥပဒေအရ လိုအပ်ရင် လိုအပ်သလို ဖြေရှင်းသွားမှာ”
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ဝင်၊ မြန်မာ့ဝံသာနု အားမာန်အဖွဲ့ ဦးဆောင်သူ ဦးကျော်မျိုးရွှေနှင့် တွေ့ဆုံခြင်း

အင်းဝအပ်ချုပ်ဆိုင် မိသားစု၏ နှိပ်စက်ခံရသော အိမ်အကူ မိန်းကလေးနှစ်ဦး အကြောင်းအား စုံစမ်းဖော်ထုတ်ရေးသားခဲ့သူ Myanmar Now သတင်းထောက် ကိုဆွေဝင်းကို အမျိုးဘာသာ သာသနာ ထိန်းသိမ်းရေး စောင့်ရှောက်ရေးအဖွဲ့၊ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်သူ အရှင်ဝီရသူ၏ ဒါယကာတစ်ဦးက မန္တလေးမြို့၊ အမှတ် ၇ ရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့်  အမှုဖွင့်ခဲ့သည်။ ယင်းသို့ ကိုယ်စားအမှုဖွင့်လှစ်ခဲ့မှု အခြေအနေနှင့် ပတ်သက်ပြီး မန္တလေးမြို့မှ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ဝင်၊ မြန်မာ့ဝံသာနု အားမာန်အဖွဲ့ ဦးဆောင်သူ ဦးကျော်မျိုးရွှေနှင့် The Voice တွေ့ဆုံမေးမြန်းခဲ့သည်များမှ ကောက်နုတ်ဖော်ပြပါသည်။

Voice : Myanmar Now သတင်းထောက် ကိုဆွေဝင်းကို အမှုဖွင့်တဲ့ အကြောင်းရင်းလေး ပြောပေးပါ ခင်ဗျ။

UKMS : အမှုဖွင့်ရတဲ့ အကြောင်းရင်းကတော့ ဆရာတော်က နေပြီးတော့ Myanmar Now က ကိုဆွေဝင်းက သူ့ရဲ့ Ba Kaung အကောင့်မှာပေါ့နော်။ ဆရာတော်ကို ပါရာဇိက ကျသွားပြီ။ ပါရာဇိကကျတာ ခုမှမဟုတ်ဘူး။၊ နဂိုကတည်းက ကျတယ်ဆိုပြီးတော့ စတေးတပ်စ်ပို့စ်တစ်ခု တင်ထားတာ တွေ့တဲ့အတွက်ကြောင့် ဆရာတော်က လှမ်းပြောတယ်။ အဲတော့ ကျွန်တော်က တင်ထားတဲ့ဟာကို ဝင်ကြည့်တယ်။ ဝင်ကြည့်တော့ အမျိုးသားရေးအုပ်စုတွေနဲ့ ကျွန်တော်တို့ တိုင်ပင်တယ်ပေါ့။

ဆရာတော့် ကျောင်းမှာပဲပေါ့။ ဆရာတော့်ရှေ့မှာပဲ တိုင်ပင်တယ်၊။ တိုင်ပင်တဲ့အခါမှာ ကျွန်တော်တို့ တရားမစွဲချင်တဲ့အတွက် ကိုယ်ပြောထားတဲ့အပေါ်မှာ တာဝန်ယူ ဖြေရှင်းပေးဖို့ ၇ ရက် အချိန်ပေးတဲ့အကြောင်း၊ ကိုဆွေဝင်းနဲ့ ပါရာဇိကကျတယ်လို့ ပြောထားတာကို ပြန်ပြီးဖြေရှင်းဖို့ ဆရာတော့်ဆီမှာ လာဖြေရှင်းဖို့ ၇ ရက အချိန်ပေးတဲ့အကြောင်း ကျွန်တော်တို့ စတေးတပ်စ် ပြန်တင်တယ်။ တင်တဲ့အထဲမှာတော့ ကျွန်တော် မပါဘူး။ ကျန်တဲ့သူတွေ တင်တယ်။ သူ့အကောင့်မှာလည်း ပြန်ကြည့်တဲ့အခါမှာ သူပြောတာမှန်တယ်။ ပြန်ဖြေရှင်းစရာ မလိုဘူးပေါ့။ တရားရေးအရ ရင်ဆိုင်မယ်လို့ ပြန်ရေးထားတာလည်း တွေ့တယ်။ အဓိကကတော့ သံဃာတစ်ပါးကို ဝေဖန်ပုတ်ခတ်မယ်ဆိုရင်၊ ပြောမယ်ဆိုမယ်ဆိုလို့ ရှိရင် စာတတ်ပေတတ် ဆရာတော် ဘုရားကြီးတွေကိုမေးပြီး တကယ်ဆရာတော် ဝီရသူက ပါရာဇိက ကျလား မကျလား မေးကြည့်နော်။ သံဃာ့စံတွေနဲ့ ချိန်ပြီးမှ ရေးရမှာပေါ့နော်။ အဲဒီအပေါ်မှာ ကျွန်တော်တို့က မကျေနပ်လို့။ မကျေနပ်လို့ ဆိုတော့ ပုဂ္ဂိုလ်ရေးအရ မုန်းတီးတာ မပါဘူး။ ကျွန်တော်တို့သည် ကိုးကွယ်ရာ ဘာသာသည် ဗုဒ္ဒဘာသာ၊ လူမျိုးက ဗုဒ္ဓဘာသာ။ အဲတော့ ဗုဒ္ဓဘာသာဝင်တွေ ကိုးကွယ်တဲ့ အဘိဝံသဘွဲ့ရ ဆရာတော် တစ်ပါးလည်း ဖြစ်တယ်။ နောက်စာချသံဃာတော်တွေ အားထားနေရတဲ့ ဆရာတော်တစ်ပါး ဖြစ်တယ်။ ထေရ်ကြီးဝါကြီး ဆရာတော်တွေ ကိုယ်၌ကကို ဆရာတော် ဝီရသူဟာ ဝိနည်းကိုရော သိက္ခာပုဒ်ကိုရော စောင့်ထိန်းတဲ့ ဆရာတော်ဖြစ်တယ်။ အဲတော့ ဒီလိုဆရာတော်တစ်ပါးနဲ့ မဘသ အဖွဲ့အစည်းကြီးကို စော်ကားရင်၊ ထိပါးရင်၊ ပုတ်ခတ်ရင် ကျွန်တော်တို့က ဘယ်သူ့ကိုမဆို လိုအပ်ရင် လိုအပ်သလို တရားဥပဒေအရ ဖြေရှင်းသွားမှာ။ ဒီအတွက်  ကျွန်တော်တို့က တရားစွဲဆိုရခြင်း ဖြစ်တယ်။

Voice : ကိုဆွေဝင်းက ဆရာတော်ရဲ့ ဘယ်မိန့်ကြားချက်၊ ဘယ်လိုပြောဆိုချက်အပေါ် မူတည်ပြီး ခုလိုရေးသားခဲ့တာလဲ ခင်ဗျ။

UKMS : ဒါကတော့ ကျွန်တော် မသိဘူးဗျ။ အဲဒါတော့ ကိုဆွေဝင်းကို မေးမှပဲသိမှာ။ သူက ဘာကြောင့်ရေးတာလဲ။ ဘယ်ဟာကို အခြေခံပြီး ရေးတာလဲ။ ရေးတဲ့သူကိုမေးမှ သိမှာ။ ကျွန်တော်တို့က ဒီ။ ခုနက ပြောသလိုပေါ့နော် ပါရာဇိကမကျတဲ့ ဆရာတော်တစ်ပါးကို ပါရာဇိကကျပြီ ဆိုတာ ရဟန်းဘဝရဲ့ အသက်က ဒီပါရာဇိက။ အဲတော့ ပါရာဇိက မကျတဲ့ ဆရာတော်ကို ပါရာဇိကကျပါတယ် ဆိုပြီးတော့ ဆရာတော်ရဲ့ ဂုဏ်သိက္ခာ၊ နောက်တစ်ခါ ဗုဒ္ဓဘာသာဝင်တွေ ကိုးကွယ်မှု လျော့သွားအောင် ဒီလိုလုပ်တာမျိုးကတော့ ကျွန်တော်တို့က လက်မခံဘူး။ နောက်ပြီးတော့ မီဒီယာဆိုတာက ပြည်သူတွေရဲ့ နှလုံးသားကိုရော၊ နောက် ဦးနှောက်တံခါးကိုရော ဖွင့်ပေးရမှာဗျ။ ဒီလို မဟုတ်မဟပ်တွေ ရေးတာကတော့ ကျွန်တော်တို့က လက်မခံဘူးဗျ။ မကြိုက်ဘူးဗျ။ တိုင်းပြည်အတွက်လည်း မကောင်းဘူး။ ဘာသာသာသနာ အတွက်လည်း မကောင်းဘူး။ မီဒီယာဟာ မီဒီယာကဏ္ဍ၊ မီဒီယာရဲ့ ထောက်တိုင်နေရာမှာ မီဒီယာပီပီ ရပ်တည်သင့်တယ်ဗျ။ ကျွန်တော်ကတော့ အဲလိုမြင်တယ်။

Voice : လူတစ်ယောက်ကို လုပ်ကြံသတ်ဖြတ်ခံရတဲ့အ ပေါ်မှာ ဆရာ့အနေနဲ့ ဘယ်လိုမြင်လဲဗျ။

UKMS : လူမြင်ကွင်းတစ်ခုမှာ လူတစ်ယောက်ကို သေနတ်နဲ့ နောက်ကနေ တေ့ပစ်သွားတဲ့ လုပ်ရပ်သည် ဒါ ကျွန်တော်တို့ မထောက်ခံဘူးဗျ။ ကျွန်တော် ပြန်မေးချင်တာက ဦးကိုနီကို အကြမ်းဖက်တယ်လို့ ပုံဖော်နေတယ်ဆိုလို့ ရှိရင် ခု ကျွန်တော်တို့ လောက်ကိုင်ဒေသမှာ ဆရာမလေးတစ်ယောက် သေသွားတယ်။ ကချင်ပြည်နယ်မှာလည်း ကျောင်းဆရာလေးတစ်ယောက် အသတ်ခံလိုက်ရတယ်ဗျ။ အဲဒါတွေကရော အကြမ်းဖက်မှု မမြောက်ဘူးလား။ ကျွန်တော် ပြန်မေးချင်ပါတယ်။

နောက် ရခိုင်ဒေသမှာ ရဲကင်းတွေကို ဘင်္ဂါလီတွေက စခန်းတွေကို ဝင်ရောက်ပြီး သတ်ဖြတ်သွားတာ။ ဒါကရော အကြမ်းဖက်မှု မမြောက်ဘူးလား။ လောက်ကိုင်ဒေသမှာ ရဲစခန်းတွေ စစ်စခန်းတွေကို မဟာမိတ် လေးဖွဲ့ပေါ့နော်။ သူတို့တွေကရော ပစ်ခတ်တိုက်ခိုက်သွားတာ အကြမ်းဖက်မှု မမြောက်ဘူးလား။ ကျွန်တော် ပြန်မေးချင်တယ်။

Voice : ရဲစခန်းကို တိုင်တန်းတဲ့အချိန်မှာ ဆရာတော် ဦးဝီရသူကိုယ်တိုင် မတိုင်ကြားဘဲနဲ့ ဘာကြောင့် ကိုယ်စား တိုင်ကြားတာလဲ ခင်ဗျ။

UKMS : ဆရာတော်က သံဃာတစ်ပါးအနေနဲ့ တရားစွဲတယ် ဆိုတာတော မသင့်တော်ဘူးပေါ့နော်။ ဒါပေမဲ့ သံဃာတွေကို ခုလိုမျိုး စော်ကားနေတာကျတော့ ကျွန်တော်တို့ သံဃာကို ကိုးကွယ်တဲ့ ဗုဒ္ဒဘာသာဝင်တွေ အနေနဲ့ ကြားထဲကနေ မခံမရပ်နိုင်လို့။ ဒီအတွက် ကျွန်တော်တို့က တရားစွဲတယ်။ အဲတော့ တရားစွဲလို့ ရမရ ဆိုတာက ဥပဒေလမ်းကြောင်း အတိုင်းပေါ့နော်။ ဥပဒေအရပဲ ဖြေရှင်းမှာပေါ့။ ဒီအမှုက အမှုမမြောက်ဘူး။ တရားစွဲလို့ မရဘူးဆိုလည်း ဒါတရားရုံးက ဆုံးဖြတ်မှာ။ ရဲစခန်းက ဆုံးဖြတ်မှာပေါ့နော်။ လောလောဆယ်တော့ ရဲစခန်းက စွဲရတယ်ထင်လို့ အမှုလက်ခံလိုက်တာ။

Voice : ကိုဆွေဝင်းက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ အဓမ္မဝါဒီကို ဓမ္မခွန်အားနဲ့ ရင်ဆိုင်ဖြေရှင်းသွားမယ်ဆိုပြီး ပြောဆိုရေးသားထားတာ ရှိပါတယ် ခင်ဗျ။ အဲဒီအပေါ်မှာ ဘာများပြောချင်ပါလဲ ခင်ဗျ။

UKMS : အဓမ္မဝါဒီ ဆိုတာက သူက ဘယ်ဟာကို ပြောတာလဲ မသိဘူးနော်။ ဓမ္မဆိုတာကရော သူက ဘယ်ဟာကို ဓမ္မလို့ လက်ခံထားတာလည်း မသိဘူး။ ကျွန်တော်တို့အမြင်မှာတော့ ဆရာတော် ဝီရသူရဲ့ အမျိုးဘာသာ သာသနာ ကာကွယ်နေတဲ့ လုပ်ရပ်သည် အကြမ်းဖက်မှု မပါဘူး။ အစွန်းရောက်တာ မပါဘူး။ ကိုယ့်အမျိုး ကိုယ့်ဘာသာ၊ ကိုယ့်သာသနာကို တရားဥပဒေဘောင် အတွင်းကနေ ဥပဒေတွေ ပေါ်ပေါက်လာအောင် မျိုးစောင့်ဥပဒေတွေ ပေါ်ပေါက်လာအောင် ကြိုးစားမှု ကာကွယ်မှု သက်သက်ပါပဲ။ ဆရာတော့် တရားပွဲတွေမှာ ဘယ်ဗုဒ္ဓဘာသာကို မကိုးကွယ်တဲ့ ဘယ်ဘာသာဝင်ကို သတ်ပစ်ပါလို့ ဟောထားတာလည်း မရှိဘူး၊ ခြိမ်းခြောက်ထားတာလည်း မရှိဘူး၊ ဒါကြောင့်မို့လို့ ဆရာတော် ဝီရသူ လျှောက်နေတဲ့လမ်းသည် ဓမ္မလမ်းကြောင်းပေါ်မှာ လျှောက်နေတာ။ အဓမ္မလမ်းကြောင်းပေါ်မှာ လျှောက်နေတာ မဟုတ်ဘူး။

Voice : ကိုဆွေဝင်းကို ၇ ရက်အတွင်း လာရောက်တောင်းပန်ဖို့ ဖေ့စ်ဘွတ်ပေါ်ကနေ စတေးတပ်စ် တင်ပြီးတော့ အသိပေးခဲ့တယ်လို့ ဆရာပြောသွားပါတယ် ခင်ဗျ။ ဘာလို့သူ့ဆီကို စာနဲ့ တိုက်ရိုက်အကြောင်းမကြားတာလဲ ခင်ဗျ။ နည်းနည်းရှင်းပြပါ ခင်ဗျ။

UKMS : တရားဝင် သူ့ဆီကို စာနဲ့မပို့ဘူး ဆိုတာက ကျွန်တော်တို့ စောစောပိုင်းက သူ့လိပ်စာ မရှိဘူး။ ခုလိုပဲ သူ လူမှုကွန်ရက်ပေါ်မှာ ရေးလိုက်လို့ ကျွန်တော်တို့ သိတယ်။ ကျွန်တော်တို့ လူမှုကွန်ရက်ပေါ်မှာ ရေးလိုက်ရင် သူသိမှာပဲ။ အဲဒါကြောင့် ကျွန်တော်တို့က လိုင်းပေါ်ကနေပဲ ပြန်ပြောတာ။ သူ့အကောင့်ထဲမှာ ဝင်ရေးဖို့ လုပ်တော့လည်း သူ့ပို့စ်က ကွန့်မန့်ပိတ်ထားပါတယ်။ ကျွန်တော်တို့က သူမြန်မြန်သိပြီးတော့ မှားတယ်လို့ ခံယူတယ် ဆိုရင်လည်း လာတောင်းပန်လို့ ရအောင် သူ့အကောင့်ထဲမှာ ဝင်ရေးဖို့ လုပ်သေးတယ်။

Voice : အသရေဖျက်မှု အပါအဝင် တခြားစွဲလို့ ရတာတွေ ရှိရဲ့သားနဲ့ ဘာကြောင့် ဆက်သွယ်ရေး ဥပဒေပုဒ်မနဲ့ပဲ တိုင်တာလဲဗျ။

UKMS : ကျွန်တော် နားလည်တာကတော့ သာသနာတော် ညှိုးနွမ်းစေမှုက မျက်နှာချင်းဆိုင် ပြောရင်တော့ အဲဒီဥပဒေနဲ့ ငြိမယ်လို့ ထင်ပါတယ်။ ခုဟာက သူက ဖေ့စ်ဘွတ်က နေပြီးတော့မှ ရေးထားတာမို့လို့ ၆၆ က ပိုပြီးတော့ ဥပဒေမြောက်မယ်လို့ စွဲတာပါ။ ဒီပုဒ်မထဲမှာလည်း အသရေဖျက်တာ။ ဂုဏ်သိက္ခာ ညှိုးနွမ်းစေတာ ပါတယ်။ ဒါကြောင့် ဒီဥပဒေနဲ့ပဲ စွဲဖြစ်တာပါ။

Voice : ဟုတ်ကဲ့ပါ ခင်ဗျ။ အချိန်ပေး ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် ခင်ဗျ။     

မောင်သန့်