News

POST TYPE

EDITOR PICK POST

လောက်ကိုင်မှ လူထောင်ချီ နေရပ်ပြန်

မန္တလေး၊ မတ် ၈

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့တွင် တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် လူထောင်ချီ နေရပ် ပြန်သွားကြ ပြီ ဖြစ်သည်။

ရာနှင့်ချီသော စစ်ရှောင်ဒုက္ခသည်များ နေရပ်ဒေသ အသီးသီးသို့ ပြန်နိုင်ရန် လားရှိုးမြို့သို့ ရောက်ရှိလာကြောင်းလည်း ဒေသခံများက ပြောကြားသည်။ 

ထို့အပြင် တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးသူများလည်း ရှိနေခြင်းကြောင့် လောက်ကိုင်မြို့ကို စွန့်ခွာ ထွက်ပြေးသူ အရေအတွက် ထောင်ချီရှိနိုင်ကြောင်း ထွက်ပြေးလာသူတို့က ပြောဆိုသည်။

စစ်ရှောင်ဒုက္ခသည် ရာနှင့်ချီ၍ နေရပ်ဒေသ အသီးသီးသို့ ပြန်နိုင်ရန်အတွက် လားရှိုးမြို့သို့ ရောက်ရှိလာကြောင်း လားရှိုးမြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးဇော်အောင်ထူးက ပြောကြားသည်။

မတ်လ ၇ ရက်နေ့ကစ၍ လားရှိုးမြို့သို့ စစ်ရှောင်ဒုက္ခသည်များ ရောက်ရှိလာခြင်းဖြစ်ပြီး သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတွင် ခေတ္တ နားခိုကြခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

လောက်ကိုင်မြို့အတွင်း ဝင်ရောက် ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ခြင်းနှင့် တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်မျဉ်းတစ်လျှောက်တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် နှစ်နိုင်ငံ နယ်စပ်တစ်လျှောက်တွင် အလုပ် လုပ်ကိုင်နေသည့် ရွှေ့ပြောင်း အလုပ်သမားများသည် ၎င်းတို့ နေရပ်ဒေသ အသီးသီးသို့ ပြန်ကြခြင်းဖြစ်ကြောင်း စစ်ရှောင် ဒုက္ခသည်များ၏ အဆိုအရ သိရသည်။

ယင်းသို့ စစ်ပြေးဒုက္ခသည် အများအပြား ရောက်ရှိနေသည့်အတွက် ၎င်းတို့ကို နေရပ်ပြန်ပို့နိုင်ရန် မော်တော်ယာဉ်ခများကို မန်ဆူရှမ်းကျောင်းဆရာတော်က ကျခံပေးနေပြီး စစ်ရှောင် အလုပ်သမားများကို မန္တလေးမြို့သို့ ပို့ဆောင်ပေးရန် ကားခငွေကို ဆရာတော်က ခေတ္တစိုက်ပေးထားခြင်းဖြစ်ပြီး ယင်းငွေများကို အုပ်ချုပ်ရေးဌာန အစီအမံဖြင့် ပို့ဆောင်ဆက်သွယ်ရေး ဦးစီးဌာနက ဆရာတော်ထံ ပြန်လည် ဆက်ကပ်မည်ဖြစ်ကြောင်း မြို့နယ် တာဝန်ရှိသူများထံမှ စုံစမ်း သိရှိရသည်။

ထွက်ပြေးလာသူတို့သည် မကွေး၊ နတ်မောက်၊ အောင်လံ၊ ဆင်ပေါင်ဝဲ၊ တောင်တွင်းကြီး စသည့်မြို့တို့မှ ကြံခုတ် အလုပ်သမားများဖြစ်ပြီး မတ်လ ၇ ရက်နေ့ နံနက်ပိုင်းက ထွက်ခွာလာခဲ့ကြရာ ပြည်ကြီးတံခွန်မြို့နယ် ကျွဲဆည်ကန် ကားကြီးကွင်းသို့ မတ်လ ၈ ရက်နေ့ နံနက် ၉ နာရီခန့် အချိန်တွင် ရောက်ရှိလာကြောင်း ၎င်းတို့ နေရပ်ပြန်နိုင်ရေး ကူညီ ဆောင်ရွက်ပေးနေသည့် မန္တလေးမြို့ခံ လူမှုရေးအသင်းများထံမှ သိရသည်။

“တိုက်ပွဲတွေဖြစ်တော့ လက်နက်ကြီးသံတွေ ကြားနေရတယ်။ အခြေအနေကလည်း တော်တော် ဆိုးလာလို့ ကျွန်တော်တို့ ပြန်လာတယ်။ ဒုက္ခရောက်လိမ့်မယ် ပြန်ကြဆိုပြီးတော့ ကျွန်တော်တို့ကို စစ်တပ်က ပြောတယ်။ စစ်သားတွေ တင်ပေးလိုက်တဲ့ ကားတွေနဲ့ပဲ ပြန်လာကြတာ။ စစ်ပွဲနဲ့တော့ မတွေ့ခဲ့ပါဘူး”ဟု တောင်တွင်းကြီးမြို့နယ်မှ ဦးဝင်းအောင်က ပြောကြားသည်။

အလုပ်သမားများ နေရပ်ပြန်နိုင်ရေးအတွက် တပ်မတော်သားများက လမ်းတွင် တွေ့သည့်ကားများကိုတားကာ တင်ပေးခဲ့ခြင်းဖြစ်ပြီး အလုပ်သမား ၈၀ဝ ခန့် နေရပ် ပြန်ခဲ့ကြောင်း ယင်းအလုပ်သမားများထံမှ သိရသည်။

၂၀၁၅ ခုနှစ် လောက် ကိုင်တိုက်ခိုက်မှု ဖြစ်စဉ်တွင် လောက်ကိုင်ဒေသမှ ကြံခုတ် လုပ်သားအဖြစ် လုပ်ကိုင်ခဲ့သော အလုပ်သမား နှစ်ထောင်ခန့်မှာ လောက်ကိုင်မြို့တွင် ပိတ်မိနေခဲ့သဖြင့် တပ်မတော် အပါအဝင် ကူညီကယ်ဆယ်ရေး အဖွဲ့များက သွားရောက် ကယ်ဆယ်မှုများ ရှိခဲ့သည်။ လက်ရှိတွင်လည်း လောက်ကိုင်မြို့ကို ကိုးကန့်အဖွဲ့က တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၃၀ ခန့် သေဆုံးခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။

M-04, R-07