News

POST TYPE

EDITOR PICK POST

လောက်ကိုင်ဒေသ တက္ကသိုလ်ဝင် စာမေးပွဲ တပ်အခြေစိုက်စခန်းတွင် စစ်ဆေးမည်
ရန်ကုန်၊ မတ် ၆

လောက်ကိုင်ဒေသတွင် တိုက်ပွဲဖြစ်နေသော်လည်း တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မူလသတ်မှတ်ထားသည့် မတ်လ ၈ ရက်တွင် တပ်အခြေစိုက်စခန်း၌ စစ်ဆေးမည် ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

လတ်တလောစာရင်းအရ လောက်ကိုင်မြို့နယ်အတွင်း ဆယ်တန်းစာမေးပွဲ ဖြေဆိုရန် စာမေးပွဲဖြေဆိုခွင့် ကတ်ထုတ်ပေးထားသည့် ကျောင်းသား၊ ကျောင်းသူ ၁၀၅ ဦး ရှိကြောင်း လောက်ကိုင်မြို့နယ် ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဒေသစစ်ဘက်ဆိုင်ရာ ကွပ်ကဲအုပ်ချုပ်ရေးမှူးနဲ့ ခွင့်ပြုချက်နဲ့ပေါ့။ သူတာဝန်ယူပြီး ခွင့်ပြုပေးတာပေါ့နော်။သိသလောက်ကတော့ ဒကစ လောက်ကိုင်မှာပါပဲ စစ်ဆေးသွားမှာပါ” ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မတ်လ ၆ ရက်က ရှမ်းပြည်နယ် အစိုးရအဖွဲ့ အစည်းအဝေး ပြုလုပ်ရာတွင် ထိုသို့ ဒေသစစ်ဘက်ဆိုင်ရာ ကွပ်ကဲအုပ်ချုပ်ရေးရုံးတွင် စာမေးပွဲ စစ်ဆေးရန် သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးကလည်း ထပ်လောင်းပြောကြားသည်။

ယခု ၂၀၁၆-၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူပေါင်း ခုနစ်သိန်းခြောက်သောင်းကျော် ရှိပြီး မတ်လ ၈ ရက်မှ ၁၇ ရက်အထိ စစ်ဆေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

လောက်ကိုင်မြို့အတွင်း မတ်လ ၆ ရက်က ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ (MNDAA) ဝင်ရောက်တိုက်ခိုက်မှုကြောင့် မီးရှို့ခံထားရသည့် အလောင်း ၂၀ ရရှိပြီး ကိုးကန့်ယာဉ်ထိန်းရဲ ငါးဦး၊ ပြည်သူငါးဦး သေဆုံးခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်သည်။

ယင်းတိုက်ခိုက်မှုဖြစ်စဉ်အတွင်း သေဆုံးသူများတွင် ကျောင်းဆရာမ ဒေါ်ပြာမှီ ပါဝင်ပြီး ကိုးကန့်ယာဉ်ထိန်း ရဲလေးဦး ဓားစာခံအဖြစ် ဖမ်းဆီးခံထားရဆဲ ဖြစ်ကြောင်း၊ တပ်မတော်ဘက်မှ ထိခိုက်ကျဆုံးမှု မရှိကြောင်း ယင်းသတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ပြီးခဲ့သည့်နှစ်ကလည်း စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲများ ဖြေဆိုချိန်တွင် ယင်းဒေသ၌ တိုက်ပွဲများ ဖြစ်ပွားခဲ့သောကြောင့် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာများ၊ ဘုန်းကြီးကျောင်းများ၊ လုံခြုံသည့် နေရာများတွင် နေထိုင်ပြီး နီးစပ်ရာ စာစစ်ဌာနများတွင် ဖြေဆိုခွင့်ပြုခဲ့ကြောင်း အခြေခံပညာ ဦးစီးဌာနထံမှ သိရှိရသည်။

J-07