News

POST TYPE

EDITOR PICK POST

တက္ကသိုလ်ဝင်တန်းဖြေမည့် အကျဉ်းကျ ကျောင်းသားများ အင်္ဂလိပ်စာ အနီးကပ်သင်ကြား
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

အင်းစိန် အကျဉ်းထောင်မှ တက္ကသိုလ် ဝင်တန်းဖြေဆိုမည့် အကျဉ်းကျကျောင်းသားများတွင် အင်္ဂလိပ်စာဘာသာရပ် အားနည်းနေခြင်းကြောင့် စေတနာ့ဝန်ထမ်း ကျောင်းဆရာ ရှစ်ဦးက ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှစ၍ နေ့စဉ် အနီးကပ် လာရောက် သင်ကြားပေးလျက်ရှိကြောင်း အဆိုပါ အကျဉ်းထောင်ထံမှ သိရသည်။ 

“ဒီနှစ်က ကျောင်းသား အရေအတွက်လည်း များတယ်။ ကျောင်းသား အားလုံးနီးပါး အင်္ဂလိပ်စာမှာ အားနည်းမှု ရှိနေတယ်။ အပြင် စေတနာ့ဝန်ထမ်း ကျောင်းဆရာ အချို့ရဲ့ ကမ်းလှမ်းမှုလည်း ရလာလို့ ညပိုင်းတွေပါ အနီးကပ် လာသင်ပေးနေတယ်။ မနှစ်ကလို ရာနှုန်းများများ အောင်မြင်စေချင်တယ်”ဟု အင်းစိန် (ဗဟို) အကျဉ်းထောင်မှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဦးက ဆိုသည်။

ယခုနှစ် မတ်လ စာမေးပွဲတွင် အင်းစိန် အကျဉ်းထောင်မှ ဆယ်တန်းဖြေဆိုရန် အကျဉ်းကျ ကျောင်းသူတစ်ဦး အပါအဝင် ကျောင်းသား ၃၀ ဦးအထိရှိပြီး အင်းစိန် ခရိုင်ပညာရေးမှူးရုံး၏ အစီအစဉ်ဖြင့် အစိုးရဝန်ထမ်း ဆရာ/ဆရာမ ၁၅ ဦးခန့်က အကျဉ်းထောင် စာသင်ဆောင်တွင် ပုံမှန် လာရောက် သင်ကြားပေးသော်လည်း အားနည်းမှု ရှိသော အင်္ဂလိပ်စာ ဘာသာရပ်ကို အနီးကပ် ကြီးကြပ်ကာ ဆက်လက် သင်ကြားနေခြင်းဖြစ်သည်။

“ဆယ်တန်းဝင်ဖြေမယ့် ကျောင်းသားထဲမှာ ဝိဇ္ဇာဘာသာရပ် ယူထားတဲ့ အရေအတွက် များတယ်။ နောက်ပြီး အင်္ဂလိပ်စာမှာ နည်းနည်း အားနည်းချက် ရှိတယ်သိရလို့ သက်ဆိုင်ရာ အကျဉ်းထောင်က တာဝန်ခံကို အသိပေးပြီး နေ့လယ်ပိုင်းနဲ့ ညပိုင်းကို နိုင်သလောက် အားဖြည့်သင်ပေးနေတာပါ”ဟု စေတနာဖြင့် သွားရောက် သင်ကြားပေးနေသော အင်းစိန်မြို့နယ် ပုဂ္ဂလိက အထက်တန်းကျောင်းမှ ဆရာတစ်ဦးက ဆိုသည်။

စာမေးပွဲ ဖြေဆိုမည့် အကျဉ်းသားများတွင် မူးယစ်ဆေးမှု၊ လူသတ်မှု၊ ခိုးမှုနှင့် လောင်းကစားမှု စသော ပြစ်မှုကျူး လွန်ခဲ့ခြင်းကြောင့် အကျဉ်းကျလာသူများ ဖြစ်ကြပြီး အင်းစိန် (ဗဟို) အကျဉ်းထောင်မှ စာမေးပွဲဖြေဆိုခွင့်ပြုပေးသည်ဟု ကြားသိခြင်းကြောင့် သာယာဝတီ အကျဉ်းထောင်၊ ပဲခူးအကျဉ်းထောင်၊ ပြည်အကျဉ်းထောင်တို့မှတစ်ဆင့် လွှဲပြောင်းပေးသော ကျောင်းသား အများဆုံး ပါဝင်ကြောင်း အဆိုပါ အကျဉ်းဌာနမှ သိရသည်။

မြန်မာနိုင်ငံရှိ အကျဉ်းထောင်များမှ ယခုနှစ် ဆယ်တန်းစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုခွင့် ရရှိသော အကျဉ်းသား ၃၈ ဦးအနက် အင်းစိန်(ဗဟို) အကျဉ်းထောင်မှ ဖြေဆိုသူ ၃၀ ဦးအထိ အများဆုံး ဖြစ်သည်။

၂၀၁၆ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အင်းစိန်မြို့နယ် အမှတ်(၁၃) အလယ်တန်းကျောင်း စာစစ်ဌာနက ဝင်ရောက် ဖြေဆိုခဲ့သော အကျဉ်းသား ၁၉ ဦးအနက်မှ ၁၁ ဦး အောင်မြင်ခဲ့သည်။

J-17