News

POST TYPE

EDITOR PICK POST

ဒေါ်အောင်ဆန်းစုကြည်အပေါ် ISIS ခြိမ်းခြောက်မှု မဘသ ရှုတ်ချ
05-Aug-2016 tagged as မဘသ

ရန်ကုန်၊ သြဂုတ် ၅

ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်လည်းဖြစ်သူ လက်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အစ္စလာမ်မစ် အစွန်းရောက် အကြမ်းဖက်အဖွဲ့ (ISIS) ၏ ခြိမ်းခြောက်မှုအပေါ် ပြင်းထန်စွာ ရှုံ့ချကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ-ဗဟို) က သဘောထား ထုတ်ပြန်သည်။

မြန်မာနိုင်ငံအပေါ် ကျရောက်လာမည့် အဆိုပါ အန္တရာယ်များကို ကာကွယ်တားဆီးရေးသည် မြန်မာနိုင်ငံသားတိုင်းတွင် တာဝန်ရှိပြီး ယင်းသို့ အကြမ်းဖက်မှုမျိုးကို လုံးဝ ကန့်ကွက်ရှုံ့ချကြောင်း သြဂုတ်လ ၄ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်နှင့် အာဆီယံခေါင်းဆောင် အချို့ကို ပစ်မှတ်ထားသည့် ခြိမ်းခြောက်စာ တစ်စောင်ကို မလေးရှားနိုင်ငံ ရဲစခန်းတစ်ခုက သြဂုတ်လ ၁ ရက်နေ့က လက်ခံ ရရှိခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတကာတွင် ISIS ၏ အကြမ်းဖက် လုပ်ရပ်များ မကြာခဏ ဖြစ်ပွားနေခြင်းကြောင့် ယခုကဲ့သို့ ခြိမ်းခြောက်လာမှုအပေါ် သတိကြီးစွာ ထားသင့်ကြောင်း မဘသအဖွဲ့၏ ပြောရေးဆိုခွင့်ရ ဆရာတော် ဒေါက်တာအရှင်သောပါကက The Voice သို့ မိန့်ကြားသည်။

“တစ်ကမ္ဘာလုံး ဒီတိုင်းဖြစ်နေတာပဲလေ၊ တစ်ကမ္ဘာလုံး လုပ်ရပ်တွေက ရှိနေတာပဲ၊ တို့နိုင်ငံအတွက်တော့ ဒေါ်အောင်ဆန်းစုကြည်အပေါ်ဖြစ်စေ၊ ဘယ်သူ့အပေါ် ဖြစ်စေပေါ့ ဒီလိုမျိုးလုပ်တာမျိုးကိုတော့ လုံးဝ သဘောမတူဘူးပေါ့”ဟု ၎င်းက မိန့်ကြားသည်။

နိုင်ငံတော်သမ္မရုံး၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကမူ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံမည်ဆိုသည့် သတင်းအပေါ် ပေါ့ဆ၍ မရသလို များစွာ စိုးရိမ်ပူပန်နေရန် မလိုကြောင်း ပြောဆိုထားသည်။

လုံခြုံရေးကိုလည်း အထူး ဆောင်ရွက်လျက်ရှိပြီး အာဆီယံနိုင်ငံများနှင့် သတင်းချိတ်ဆက်မှုများ၊ ပူးပေါင်းမှုများ ရယူကာ နိုင်ငံတကာ အကြမ်းဖက် တိုက်ဖျက်ရေးနှင့် လုံခြုံရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပြီး မလေးရှားနိုင်ငံ၏ အခြေအနေများကိုလည်း ဆက်လက် စောင့်ကြည့်နေမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

သို့သော် မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့ကမှု ခြိမ်းခြောက်စာသည် အခြေအမြစ် မရှိဟု ပြောဆိုခဲ့ပြီး မလေးရှားနိုင်ငံတွင် ISIS ၏ လွှမ်းမိုးမှု ကြီးမားစေရန် ဖန်တီးခြင်း ဖြစ်သည်ဟု ဆိုသည်။

အကြမ်းဖက်မှုများသည် ပြည်တွင်းရှိ ကွန်ရက်များ၊ ISIS ၏ နိုင်ငံတကာတွင် အကြမ်းဖက်မှုများကို လေ့လာမှုအရ ပြည်တွင်းရှိ ၎င်းတို့၏ ကွန်ရက်အဖွဲ့ဝင်များနှင့် ချိတ်ဆက် လုပ်ဆောင်လေ့ရှိခြင်းကြောင့် မြန်မာနိုင်ငံအတွင်းတွင် အဆိုပါ ကွန်ရက်နှင့် ဆက်နွယ် ပတ်သက်နေသူ မည်မျှ ရှိ မရှိကို အစိုးရ လုံခြုံရေး အဖွဲ့များက စောင့်ကြည့်နေကြောင်း ဦးဇော်ဌေးက ဆိုသည်။

မြန်မာနိုင်ငံအနေနှင့် အခြား အာဆီယံနိုင်ငံများနှင့် နှိုင်းစာလျှင် ပြည်ပ အကြမ်းဖက် အဖွဲ့အစည်းများနှင့် ဆက်နွယ်မှုသည် သိသိသာသာ နည်းပါးကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြီးခဲ့သည့်နှစ်က ပြောဆိုဖူးသည်။

အစိုးရ အပါအဝင် နိုင်ငံသူနိုင်ငံသားများ အနေနှင့် မိမိတို့၏ လုံခြုံရေးအတွက် နိုင်ငံအဝင်အထွက် တံခါးပေါက်များမှသည် ရပ်ကွက်များအထိ အချင်းချင်း ညီညွတ်စွာ ပူးပေါင်း စောင့်ကြပ်သင့်ကြောင်း မဘသအဖွဲ့၏ ပြောရေး ဆိုခွင့်ရ အရှင်သောပါကက မိန့်ကြားသည်။