News

POST TYPE

EDITOR PICK POST

လူမှုကွန်ရက်က သတင်းမီဒီယာတွေကို စိန်ခေါ်ပြီလား
04-Dec-2016 tagged as လူမှုကွန်ရက်


“ဖေ့စ်ဘုတ်မှာက သတင်းက မြန်တယ်ဗျ။ သတင်းစာ စောင့်ဖတ်ရင်တောင် နောက်နေ့မှ သိဦးမယ်။ ဖေ့စ်ဘုတ်မှာက ခုဆို ခုချက်ချင်းသိရတာ” ဟု ကိုစိုးမိုးသူက ဖုန်းကို စိတ်အားထက်သန်စွာ ပွတ်ရင်း ဆိုသည်။ 

အငယ်တန်း အင်ဂျင်နီယာတစ်ဦးဖြစ်သူ ကိုစိုးမိုးသူသည် စာဖတ်ရန် စိတ်ဝင်စားမှု ရှိသော်လည်း တကူးတက သတင်းစာ၊ ဂျာနယ် ဝယ်ယူဖတ်ရှုခြင်းမျိုး သိပ်မရှိလှဟု ၎င်းကိုယ်တိုင် ဝန်ခံသည်။ ယခုမူ လူမှုကွန်ရက် အစွမ်းဖြင့် နေ့စဉ် သတင်းထူး သတင်းဦးများကို စိတ်ပါဝင်စားသူတစ်ဦး ဖြစ်နေလေပြီ။ 

“အရင်ကဆို ဂျာနယ်တွေ ဝယ်ဖတ်ဖြစ်လည်း အားကစား ဂျာနယ်လောက်ပဲ ဝယ်ဖတ်ဖြစ်တယ်။ နိုင်ငံရေး သတင်းဂျာနယ်တွေဆို သိပ်မဖတ်ဖြစ်ဘူး။ သတင်းစာကျတော့လည်း တစ်စောင် ၂၀၀၊ တချို့သတင်းစာတွေက ၃၀၀ တောင်ဆိုတော့ နေ့စဉ် ဝယ်မဖတ်ဖြစ်ဘူး။ ခု ဖေ့စ်ဘုတ်ကို အရမ်းသုံးဖြစ်တော့ ပိုဆိုးတာပေါ့” ဟု သူက ဆိုသည်။ 

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးစနစ်များ ဖွံ့ဖြိုးလာပြီးနောက်ပိုင်း မိုဘိုင်းလ်ဖုန်းနှင့် အင်တာနက် အသုံးပြုမှုများ မြင့်တက်လာနေကာ လူမှုကွန်ရက် အသုံးပြုမှုမှာလည်း အရှိန်အဟုန်ဖြင့် မြင့်တက်လာနေသည်။ ကိုစိုးမိုးတို့ ကဲ့သို့သော သာမန်လူတန်းစားများအတွက် တကူးတက ဝယ်ယူဖတ်ရှုစရာ မလိုအပ်ဘဲ သတင်းနှင့်  အချက်အလက်များကို လူမှုကွန်ရက်များမှ တစ်ဆင့်  ရရှိနေနိုင်ပြီ ဖြစ်သည်။  

ယင်းသို့သော အခြေအနေများကြောင့် ဆိုရှယ်မီဒီယာများသည် ပုံမှန်သတင်းမီဒီယာ လောကကို  နှောင့်ယှက်မှု ပြုလာနိုင်ခြင်းရှိ မရှိ ဆိုသော မေးခွန်းသည် မြန်မာနိုင်ငံမှာ သာမက ကမ္ဘာတစ်ဝန်း ခေတ်စားလာနေသည့် မေးခွန်းဖြစ်လာသည်။ 

“လူမှုကွန်ရက်က သတင်းအရင်းအမြစ်တွေ ပေါပေါလောလော ကျယ်ကျယ်ပြန့်ပြန့် တည်ရှိရာ အရေးပါတဲ့ အရင်းအမြစ် တောရိုင်းကမ္ဘာကြီးပါပဲ။ တောရိုင်းဆိုတော့လည်း အန္တရာယ်တွေ အတားအဆီးတွေ ရှိတတ်ပါတယ်” ဟု NHK သတင်းဌာနမှ ကိုသီဟသွေးက ၎င်း၏ အမြင်ကို ဆိုသည်။ 

မြန်မာနိုင်ငံတွင်မူ လွန်ခဲ့သည့် သုံးနှစ်ခန့်က ပုဂ္ဂလိကသတင်းစာများ ထုတ်ဝေခွင့်ပြုပြီး နောက်ပိုင်း သတင်းစာနှင့် စာစောင် ဖတ်ရှုမှုနှုန်း သိသိသာသာ တိုးတက်လာနေသည်။ သို့သော်လည်း အခြားတစ်ဖက်တွင် မိုဘိုင်းလ်ဆက်သွယ်ရေးစနစ် တိုးတက်လာမှုနှင့်အတူ မိုဘိုင်းလ်ဖုန်းမှ တစ်ဆင့် သတင်းနှင့် မီဒီယာ ဖတ်ရှုအသုံးပြုမှုနှုန်းမှာလည်း သတင်းစာ ဖတ်ရှုသူ အရေအတွက် တိုးတက်လာသကဲ့သို့ပင် အရှိန်အဟုန်ဖြင့် တိုးတက်လာနေသည်။ 

နေရာဝင်ယူတော့မှာလား

လွန်ခဲ့သည့် လအနည်းငယ်က ဗြိတိန်တွင် ထုတ်ပြန်လိုက်သည့် မဟာဗျုဟာ အကြံပေးလုပ်ငန်း OC & C ၏ အစီရင်ခံစာအရ Facebook, Twitter, Instagram နှင့် အခြားသော လူမှုကွန်ရက် Platform များကြောင့် လာမည့် ဆယ်စုနှစ်အတွင်း ဗြိတိန်ရှိ ပုံနှိပ်သတင်းမီဒီယာ လုပ်ငန်းများမှာ ပေါင်သန်း ၄၅၀ (ဒေါ်လာ သန်း ၆၀၀ ခန့်) အထိ ဆုံးရှုံးနိုင်ကြောင်း ခန့်မှန်းလိုက်သည်။ 

OC & C ၏ အစီရင်ခံစာအရ သတင်းစာများမှာ လူမှုကွန်ရက် မီဒီယာကို အဓိက အသုံးပြု၍ သတင်းဖတ်ရှုနေသည့် လူငယ်မျိုးဆက်အပေါ် လွှမ်းမိုးနိုင်မှု  နည်းပါးလာနေသည်ဟု ဆိုသည်။ အနာဂတ်တွင် လူကြီးဖြစ်လာမည့် လက်ရှိလူငယ်ထုအပေါ် လွှမ်းမိုးနိုင်မှု မရှိခြင်းမှာ သတင်းမီဒီယာများ အတွက် ရေရှည်အနာဂတ်ဆိုင်ရာ ထိုးနှက်ချက် ဖြစ်သည်။ 

“စာဖတ်အား နည်းလာတာတော့ အမှန်ပါပဲ။ ပြည်တွင်းက လူငယ်တွေ စာဖတ်မှု အားနည်းလာတာက လူမှုကွန်ရက်ပေါ်လို့ရယ်လို့ မဟုတ်ပါဘူး။ ဘက်စုံထောင့်စုံကနေ ကြည့်မယ်ဆိုရင်လည်း သူတို့အတွက် ဖတ်စရာစာတွေ တော်တော်များများက မြန်မာဘာသာနဲ့ အွန်လိုင်းပေါ်မှာ ခပ်များများ မရှိတာလည်း ပါပါတယ်” ဟု ရိုးရာလေး အွန်လိုင်းသတင်းဌာနမှ  အယ်ဒီတာချုပ် ကိုအောင်ခမ်းက ဆိုသည်။ 

ယင်းအခြေအနေတွင် လူမှုကွန်ရက်သည် ပုံစံမျိုးစုံဖြင့် အင်အားတောင့်တင်းလာနေပြီး သတင်းမီဒီယာများနှင့် အပြိုင်ဖြစ်လာနေသည်ဟု နည်းပညာသမားများက ဆိုကြသည်။ YouTube ကဲ့သို့ ရုပ်သံမျှဝေနိုင်သည့် Video Streaming Platform မျိုးမှစ၍ Facebook နှင့် Twitter ကဲ့သို့သော သတင်းအချက်အလက်များကို တိုက်ရိုက်မျှဝေနိုင်သည့် Social Networking Platform များအထိ ပုံစံမျိုးစုံဖြင့် ဖွံ့ဖြိုးလာနေသောကြောင့် စိန်ခေါ်မှုသည် ကြီးမားလာနေသည်။ 

သတင်းစီးဆင်း ပျံ့နှံမှု အရှိန်အဟုန် ကောင်းလှသည့် လူမှုကွန်ရက် အသုံးပြုမှု မြင့်မားလာခြင်းကြောင့် လူငယ်များ၏ စာဖတ်နှုန်းကို အတိုင်းအတာတစ်ခုအထိ ထိခိုက်သော်လည်း သတင်းစာ ဖတ်ရှုမှုနှုန်းကို ထိခိုက်သည်ဟု တပ်အပ်ပြော၍ မဖြစ်နိုင်ကြောင်း ကိုသီဟသွေးကလည်း ဆိုသည်။

“လူမှုကွန်ရက် အချိန်တိုအတွင်း အားကောင်းလာရတဲ့ အကြောင်းရင်း တစ်ခုက သုံးသပ်ချက်တွေ၊  ထင်မြင်ယူဆချက်တွေ လက်ငင်းပေးချင်တဲ့သူရော ဖတ်ရှုချင်တဲ့သူရော အလွယ်တကူ ဆုံဆည်းလို့ ရနိုင်တဲ့ အားသာချက်ကြောင့်ပါပဲ။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ်ရေးချင်ရာကို အများသူငါ ဖတ်ရှုနိုင်အောင် ချက်ချင်းရေးသားပြီး ချက်ချင်းဆိုသလို ဖတ်ရှုသူတွေဆီ အရောက်ပို့နိုင်ပါတယ်။ ဒီနေရာ လူတွေ အကြိုက်အတွေ့ဆုံး အပိုင်းကတော့ မိမိရေးသားပြောဆိုမှုအပေါ် တုံ့ပြန်မှု တွေကို ချက်ချင်းရနိုင်တာပါပဲ။ ဒါဟာ Print Media သတင်းစာတွေ၊ မဂ္ဂဇင်းတွေမှာ မရနိုင်တဲ့ လက်တွေ့အကျိုးရလဒ်ပါ” ဟု ၎င်းက ဆိုသည်။  

လူမှုကွန်ရက်အစွမ်း

ယနေ့ခေတ်သည် ဒစ်ဂျစ်တယ် နည်းပညာခေတ် ဖြစ်လာသောကြောင့် သတင်းတင်ပြမှုများနှင့် အားထုတ်မှုများတွင်လည်း ပို၍ပို၍ လျင်မြန်မှုကို အသားပြုလာသည်။ တိကျမှုက နောက်က လိုက်နေရသည်။ သတင်းတင်ဆက်မှုများတွင်ပင် အချိန်နှင့် တစ်ပြေးညီ ဆိုသည့်  စကားက ခေတ်စားလာနေသည်။ သတင်းမီဒီယာများ ကိုယ်တိုင်ပင်လျှင် ပုံစံခွက် တစ်ခုထဲတွင် ထိုင်နေ၍  မရသောခေတ်လည်း ဖြစ်သည်။ 

“လူမူကွန်ရက်ကြောင့် မီဒီယာတွေရဲ့ ပေါက်ရောက်နိုင်မှု လူအများကို ရောက်ရှိနိုင်မှုကို မြန်ဆန်စေပါတယ်” ဟု ကိုအောင်ခမ်းကလည်း ဆိုသည်။ 

နှစ်ပေါင်း ၁၅၀ ကျော်ခဲ့ပြီ ဖြစ်သော မြန်မာ့မီဒီယာ လောကသည်လည်း ခေတ်နှင့်အညီ ရွေ့လျားမှုများ ရှိနေသည်။ စာရွက်များ၊ ရေဒီယိုလှိုင်းများ၊ ရုပ်မြင်သံကြားများမှ ယခုအခါ အင်တာနက် Platform ပေါ်အထိ ရွေ့လျားလာခဲ့ပြီ ဖြစ်သည်။ 

“ဒီဘက်ခေတ်မှာက ဆက်သွယ်ရေးစနစ်တွေ ကောင်းလာတော့ သတင်းဖန်တီးမှုနဲ့ တင်ဆက်မှုတွေလည်း နည်းနည်းအသွင်ပြောင်းလဲလာတယ်။ လူတွေက အရင်ကလို ဒီနေ့ဖြစ်တဲ့ သတင်းကို မနက်ဖြန်မှ မကြားချင်ကြတော့ဘူး။ မနက်ဖြန်မှာ ကြားချင်တာက  ဒီနေ့ အဖြစ်အပျက်ရဲ့ ပိုတိကျတဲ့ အစိတ်အပိုင်းတွေ အကြောင်းဖြစ်နေပြီ” ဟု ကိုဇာနီထက်က ဆိုသည်။  

ယခု သတိထားကြည့်မိလျှင် Facebook ကဲ့သို့သော ထင်ရှားသည့် Social Media ကြီးပေါ်တွင် သတင်းဝန်ဆောင်မှုများ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပြီ ဖြစ်ပြီး Professional Journalist များ အသုံးပြုမှု များပြားလာသည့်အပြင် ဝါသနာရှင်အဆင့် Citizen Journalist များလည်း တိုးပွားလာနေကြသည်။ 

“လူမှုကွန်ရက်ကြောင့် လူတိုင်းဟာ သတင်းထောက်တွေ ဖြစ်ကုန်ပါတယ်။ ဒါပေမဲ့ လူမှုကွန်ရက်ဆိုတဲ့ အတိုင်း သူက လူမှုကွန်ရက်ပဲ ဖြစ်ဦးမှာပါ။ သတင်းမီဒီယာ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါပေမဲ့  သတင်းမီဒီယာတွေ အတွက် သတင်းဖြန့်ကြက်ဖို့ရန် အစိတ်အပိုင်းလေးတစ်ခု ဆိုတာတော့ သေချာပါတယ်” ဟု ကိုအောင်ခမ်းက ဆိုသည်။

မျက်မှောက်ခေတ်တွင် အင်တာနက်ကြောင့် လူတိုင်း သတင်းတင်ပြသူများ ဖြစ်လာနိုင်နေသည်။  သတင်းတင်ပြ၍ ရလာသည်။ သို့သော် ယင်းသည် သတင်းတည်ဆောက်မှု၊ သတင်းတင်ဆက်မှုတော့ မဟုတ်ပေ။ သတင်းအစအနများသာ ဖြစ်သည်။  အင်တာနက်ကြောင့် သတင်းထောက်များ ကိုယ်တိုင် သတင်းဦးရရန် စိန်ခေါ်မှုများ မြင့်တက်လာကြောင်း ဝန်ခံကြသကဲ့သို့ အင်တာနက်က သတင်းရှာဖွေပေးရာတွင် အရေးပါလာသည့် နေရာလည်း ဖြစ်လာပြန်သည်။

လူမှုကွန်ရက်က သတင်းလောကအတွက် ကောင်းသည် မကောင်းသည် တစ်ထစ်ချ မပြောနိုင်သေးသော်လည်း အရေးကြီးသည့် သတင်းများကို ပြည်တွင်းမီဒီယာများနှင့် အစိုးရ သတင်းစာများမှ အတည်ပြုမှသာ လူအများက လက်ခံကြကြောင်း Dentsu Media မှ Senior Account Executive ကိုရာဇကိုကိုက မှတ်ချက်ပြုသည်။

“လူမှုကွန်ရက်က သူ့သဘောသဘာဝအရကို အချိန်တိုအတွင်း အကြောင်းအရာတစ်ခု ဖတ်ပြီး  နောက်ထပ် အကြောင်းအရာတစ်ခုကို ထပ်သွားဖို့ စေ့ဆော်နေတဲ့ သဘောတရား ရှိတယ်။ ဒါကြောင့် စာအုပ်စာစောင်ဖတ်တဲ့ ယဉ်ကျေးမှုကို ပုံစံသစ်တစ်ခုနဲ့ ပြန်ပြီး ကျားကန်ထူထောင်ထားဖို့တော့ လိုအပ်ပါလိမ့်မယ်” ဟု ကိုသီဟသွေးက ၎င်း၏ အမြင်ကို ပြောဆိုသည်။ 

အနာဂတ်အတွက် ပလက်ဖောင်းအသစ်  ဟုတ် မဟုတ်

တစ်ချိန်က ပုံနှိပ်သတင်းမီဒီယာများသည် တိုင်းပြည်တွင် လက်တံအရှည်ဆုံး ဖြစ်ခဲ့သည်။ သို့သော်လည်း လွန်ခဲ့သည့် တစ်နှစ်ခန့်မှစတင်၍ ပြည်တွင်းရှိ သတင်းစာများနှင့် သတင်းဌာနများသည် Digital  Newsletter များ၊ News Alert များ၊ News Message များ၊ News Application များကို သိသိသာသာ အကောင်အထည် ဖော်လာကြပြီး ထိုက်သင့်သည့် အောင်မြင်မှုများ ရခဲ့ကြသည်။ ထို့အပြင် မြန်မာပြည်တွင် လူကြိုက်များလှသည့် လူမှုကွန်ရက် ဝက်ဘ်ဆိုက်တစ်ခု ဖြစ်သော ဖေ့စ်ဘုတ်ပေါ်တွင်လည်း သတင်းများ လွှင့်တင်ခြင်းဖြင့် စာဖတ်ပရိတ်သတ်ကို ဆွဲဆောင်မှုများ ပြုလုပ်နေကြသည်။ 

“သတင်းမီဒီယာတွေ ကိုယ်တိုင် ဆိုရှယ်မီဒီယာကို လက်လွှတ်လို့မရနိုင်ဘူး။ တချို့သော သတင်းတွေက လူမှုကွန်ရက်ပေါ်ကနေ ရနေသလို သတင်းတွေကို  အမြန်ဆုံးဖြန့်နိုင်ဖို့လည်း လူမှုကွန်ရက်ကိုပဲ ပြန်အသုံးချနေရတာပဲ” ဟု ကိုစိုးမိုးသူက ဆိုသည်။ 

သတင်းမီဒီယာများရော စာဖတ်သူများပါ  လူမှုကွန်ရက် ပလက်ဖောင်းအပေါ် စိတ်ပါဝင်စားမှု  မြင့်တက်လာကြောင်း သက်သေမှာ ပြည်တွင်းမှ ထိပ်တန်းသတင်းစာများ ဖြစ်ကြသည့် 7 Day  သတင်းစာ၏ ဖေ့စ်ဘုတ်စာမျက်နှာမှာ Like ပြုလုပ်ထားသူ ၁၁ သန်းကျော် ရှိနေပြီး Eleven Media  ၏ ဖေ့စ်ဘုတ်စာမျက်နှာမှာလည်း Like ပြုလုပ်ထားသူ ၁၀ သန်းကျော်အထိ ရှိနေခြင်းကို ကြည့်ခြင်းဖြင့် သိနိုင်သည်။ 

ယင်းသို့ လူမှုကွန်ရက် ပလက်ဖောင်းများပေါ် သတင်းမီဒီယာများနှင့် သတင်းများ တက်လာခြင်းကြောင့် ကြော်ငြာလုပ်ငန်းများ အပေါ်တွင်လည်း သက်ရောက်မည် ဖြစ်ကာ ကြော်ငြာလုပ်ငန်း၏ ပစ်မှတ်များလည်း ပြောင်းလဲလာမည် ဖြစ်သည်။ လက်ရှိတွင် အင်တာနက်နှင့် လူမှုကွန်ရက် ပလက်ဖောင်းများပေါ်တွင် ကြော်ငြာလွှင့်တင်ခြင်းမှ အကျိုးအမြတ် ၃၀ ရာခိုင်နှုန်း ရရှိနေပြီး ရေရှည်တွင် လစဉ်ကြေး ကောက်ခံမှု များပေါ်တွင်လည်း သက်ရောက်မှု ရှိလာနိုင်ကြောင်း OC & C က ခန့်မှန်းထားသည်။ 

အနာဂတ်တွင်မူ လူမှုကွန်ရက် ပလက်ဖောင်းများပေါ်မှပါ သတင်းစာနှင့် သတင်းထုတ်ကုန်များကို ရောင်းချလာဖွယ် ရှိကြောင်း OC & C ကလည်း  ခန့်မှန်းထားသည်။

“အဲဒီလို ဖြစ်လာမလား ဆိုတာ အခုမှန်းဖို့ ခက်ပါတယ်။ ဦးတည်နေတာကတော့ အဲဒီသဘောကို ဦးတည်နေပါတယ်။ တချို့သော တတ်စွမ်းတဲ့ ပုဂ္ဂိုလ်၊ တတ်စွမ်းတဲ့ အစုအဖွဲ့တွေက အင်တာနက် လူမှုကွန်ရက် ပလက်ဖေါင်းပေါ်မှာ စင်မြင့်တွေ ကိုယ်စီ တည်ဆောက်လာနိုင်ပါတယ်။ ဒီအတွက် စည်းမျဉ်းစည်းကမ်းတွေ လုပ်ပိုင်ခွင့်တွေ ကြီးမားတဲ့ ငွေကြေးရင်းနှီးမြှုပ်နှံမှုတွေ သိပ်မလိုအပ်တဲ့အတွက် အွန်လိုင်း တစ်ကိုယ်တော် မီဒီယာတွေ၊ လူမှုကွန်ရက်ပေါ်မှာ  လွယ်လွယ်ကူကူ ပေါ်ပေါက်လာနိုင်ပါတယ်။ ဒါပေမဲ့ လွယ်လွယ်ကူကူပဲ ပြန်ပျောက်ကွယ်သွားနိုင်ပါတယ်” ဟု ကိုသီဟသွေးက ဆိုသည်။

အွန်လိုင်းလူမှုကွန်ရက် အသုံးပြုမှုများအပေါ်တွင် တိကျသည့် ပေါ်လစီ ဥပဒေ လုပ်ထုံးလုပ်နည်းများ  လိုအပ်သည် မလိုအပ်သည်မှာ လတ်တလောတွင် အငြင်းပွားဖွယ်အဖြစ် ရှိနေသေးပြီး ၆၆ (ဃ) ကဲ့သို့သော ဖိနှိပ်မှုဆန်ဆန်ပုဒ်မများ၊ လူမှုကွန်ရက်ပေါ်မှ အငြင်းပွားဖွယ် ပြဿနာများ၊ အလွဲသုံးစားမှုများ၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများနှင့် Hate speech ကဲ့သို့သော ပြဿနာမျိုးများကို အစိုးရ အပါအဝင် သက်ဆိုင်သူများဘက်မှ ကိုင်တွယ်ရန် လိုအပ်လာပြီ ဖြစ်ကြောင်း မီဒီယာလောကနှင့် သတင်းနယ်ပယ်မှ သက်ဆိုင်သူ အားလုံးက ဆိုကြသည်။ လူမှုကွန်ရက်သည်  သတင်းမီဒီယာ ပလက်ဖောင်းတစ်ခု ဖြစ်လာမလာမှာ ယင်းအချက်ပေါ်တွင် အဓိက မှီတည်နေမည် ဖြစ်သည်။ 

စိန်ခေါ်မှုလား

လက်ရှိအချိန်တွင် မြန်မာနိုင်ငံတွင်လည်း သတင်းစာ၊ ဂျာနယ်များနှင့် ရုပ်သံလိုင်းများ၊ ရေဒီယိုလိုင်းများမှ သတင်းထူး၊ သတင်းဦးများနှင့် သုံးသပ်ချက်များကို လူမှုကွန်ရက်ပေါ်မှ ဖတ်ရှုမှုများ ခေတ်စားလာနေပြီ ဖြစ်သည်။ ထို့အပြင် လူမှုကွန်ရက် ပလက်ဖောင်း အခြေပြု အွန်လိုင်း သတင်းအေဂျင်စီများ၊  အွန်လိုင်း ရုပ်သံသတင်းမီဒီယာများနှင့် အွန်လိုင်း ရေဒီယို ချန်နယ်များလည်း ပေါ်ပေါက်လာပြီး အချို့မှာ သိသိသာသာ အောင်မြင်မှုများ ရရှိနေကြသည်။

“အဓိက အကြောင်းရင်းကတော့ မျှမျှတတ တွေးကြည့်မယ်ဆိုရင် လူမှုကွန်ရက်က အတားအဆီးလည်း မဟုတ်ဘူး၊ အန္တရာယ်လည်း မဟုတ်ဘူး။ ကိုယ့်ဘက်ကလည်း တိကျတဲ့ သတင်းအရင်းအမြစ်တွေ ရှာနိုင်ဖွေနိုင်တဲ့ သတင်းသမားတွေနဲ့ သတင်းရင်းမြစ်တွေ ရှိဖို့တော့ လိုတယ်။ လူမှုကွန်ရက်က သတင်းပျံ့နှံမှု မြန်တယ်ဆိုပေမယ့် မှုခင်းသတင်းနဲ့ သေမှုသေခင်းလောက်သာ မြန်တာပါ” ဟု ကိုရာဇကိုကိုက  သုံးသပ်သည်။ 

ထို့အပြင် ပြည်တွင်းရှိ စစ်တမ်းများအရ လူမှုကွန်ရက် ပလက်ဖောင်းတွင် အောင်မြင်နေသည့် သတင်းမီဒီယာများသည် အပြင်ဈေးကွက်တွင်ပါ ရောင်းအားကောင်းနေသည့် အချက်ကိုလည်း ပစ်ပယ်ရန် ခက်သည်။ အခြားနိုင်ငံများနှင့် မတူသည့် မြန်မာ့မီဒီယာဈေးကွက်၏ အားသာချက် ဖြစ်လေသည်။ 

“စာရွက်ကိုင်ဖတ်ရတဲ့ သတင်းစာမှ ကြိုက်တယ်ဆိုတဲ့သူက သတင်းစာပဲ ဖတ်မှာပဲ” ဟု ကိုရာဇကိုကိုက သုံးသပ်သည်။ 

အပြင်တွင် ရောင်းအားကောင်း၍ လူမှုကွန်ရက်တွင် အောင်မြင်သကဲ့သို့ လူမှုကွန်ရက်ကြောင့် အပြင်တွင်လည်း ရောင်းအား ပိုကောင်းနိုင်သည်။ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီပင်။ ဒီဂျစ်တယ် ပလက်ဖောင်းနှင့် လူမှုကွန်ရက် ပလက်ဖောင်း အခြေပြု၍ သတင်းမီဒီယာများသည် အနာဂတ်တွင် ယခုထက်ပို၍ အလုပ်တွင်ကျယ်လာရန်မှာမူ သေချာနေသည်။ ယင်းအတွက်ကြောင့်  ပုံနှိပ်မီဒီယာများ ထိခိုက်ရန်မှာ ဖြစ်နိုင်ဖွယ်မရှိဟု ယူဆကြသည်။ 

“လူမှုကွန်ရက်က သတင်းမီဒီယာတွေကို ပျောက်ကွယ်သွားစေမှာလား ဆိုတာကလည်း လူမှုကွန်ရက်ထက် အဲဒီသတင်းမီဒီယာတွေရဲ့ သွားနေတဲ့ ပုံစံကသာ ပိုအရေးကြီးမယ်လို့ ကျွန်တော်တော့ ထင်ပါတယ်” ဟု ကိုစိုးမိုးသူက ဆိုလေသည်။  

မောင်မိုးဇွန်