News

POST TYPE

EDITOR PICK POST

စီးပွားရေး နာလန်ထူရေးအတွက် အဓိကမောင်းနှင်အား တစ်ရပ်
05-May-2020
ကိုဗစ်ကပ်ရောဂါနှင့် ပတ်သက်၍ မြန်မာဒီမိုကရေစီအစိုးရ ဖြေဆိုရမည့် ဘာသာရပ်ကြီးနှစ်ခုအကြောင်း ယမန်နေ့က စတင်မိတ်ဆက်ဆွေးနွေးခဲ့ပါသည်။ 

တကယ်တော့ ယနေ့ပြဿနာကြီးသည် ကမ္ဘာ့နိုင်ငံများမှ အစိုးရအသီးသီး၏ ဘုံတူညီသောပြဿနာဖြစ်ပြီး ၎င်းတို့၏ စီးပွားရေးအကျပ်အတည်း(စီးပွားရေး ပျက်ကပ်ဖြစ်မည့်ကိစ္စ)သည် မြန်မာပြည်၏ စီးပွားရေးအပေါ် ကြီးစွာသော ဂယက်ရိုက်ခတ်မှုရှိလာမည်ကိုလည်း သေချာပေါက်တွက်ဆထားရမည်ဖြစ်သည်။ ကမ္ဘာ့သမိုင်းကြောင်းကိုကြည့်မည်ဆိုလျှင် ၁၉၁၈ ခုနှစ်၊ လူပေါင်း သန်း ၅၀ ခန့် သေကျေပျက်စီးခဲ့ရသော Spanish Flu ကပ်ရောဂါဖြစ်ပွားပြီးနောက် ဆယ်စုနှစ် တစ်ခုအကြာတွင် ကမ္ဘာ့စီးပွားပျက်ကပ်ကြီးဖြစ်ပေါ်ခဲ့သည်။ ယင်းစီးပွားပျက်ကပ်၏ ဂယက်ရိုက်ခတ်မှုအနေနှင့် မြန်မာနိုင်ငံတွင် ထင်ရှားသောတော်လှန်ရေးကြီးတစ်ခု ပေါ်ပေါက်ခဲ့ပေသည်။ “ဆရာစံအရေးတော်ပုံ” ဖြစ်သည်။

ယခုကိုဗစ်ကိစ္စတွင် ကမ္ဘာ့စီးပွားရေးမှာ လွန်ခဲ့သည့် နှစ် ၁၀၀ က အခြေအနေနှင့် လုံးလုံးလျားလျားမတူညီတော့သည်ကို သတိပြုသင့်သည်။ ယနေ့ခေတ်က Globalized ဖြစ်နေသည်၊ အရာအားလုံး ချိတ်ဆက်မှုရှိနေ သည်ဖြစ်ရာ အစိုးရများ သာမက စီးပွားရေးလုပ်ငန်းများရော ပြည်သူနှင့်ဆိုင်သည့် အဖွဲ့အစည်းများ အားလုံးလိုလို ရောဂါပျံ့နှံ့မှုထိန်းချုပ်ရေးကိစ္စနှင့် စီးပွားရေးတုံ့နှေးခြင်း၊ ရပ်တန့်ခြင်း၊ ပြိုလဲခြင်းမျိုးမဖြစ်စေရေးတို့ကို တစ်ပြိုင်နက်တည်း ဦးနှောက်မုန်တိုင်းဆင်နေ ကြရပေသည်။ ထိုနေရာတွင် ကိုယ့်အရပ်၊ ကိုယ့်ဇာတ်ဆိုသလို တစ်နိုင်ငံနှင့်တစ်နိုင်ငံ တူညီမှုရှိမည်မဟုတ်သော်လည်း အခြေခံကျကျတူညီသည့် ဦးတည်ချက်တစ်ခုမှာ ယခုကိုဗစ်ကပ်ရောဂါဆိုးကြီး၏ ဂယက်ရိုက်ခတ်မှု ခံစားနေရသော ပြည်သူတစ်ဦးချင်းစီ တိုင်း၏ လက်ထဲသို ငွေကြေးရောက်ရှိစေရေးပင်။ 

ကိုဗစ်ကြောင့် ဝင်ငွေထိခိုက်မှု၊ အလုပ်လက်မဲ့ဖြစ်မှု စသည့်လတ်တလော ပြဿနာများကို ဖြေရှင်းပေးရေးသည် နိုင်ငံတော်အစိုးရတိုင်းအတွက် အဓိက ဦးတည်ချက်များထဲက တစ်ခုဟုဆိုလျှင်မှားမည်မဟုတ်ပေ။ မြန်မာအစိုးရက ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းကစတင်ကာ အခြေခံလူတန်းစား(လက်လုပ်လက်စားများ) အား စားသောက်ကုန်အချို့ထောက်ပံ့သည့်ကိစ္စမှာ အတိုင်းအတာတစ်ခုထိတော့ ဖြေရှင်းပေးနိုင်ခဲ့သည်ဟု ထင်သည်။ သို့တိုင်အောင် ယင်းလုပ်ဆောင်ချက်မှာ ရေတိုသဘောဆောင်သည့် ဖြေရှင်းချက်တစ်ခုမျှသာဖြစ်ပြီး မည်မျှအတိုင်းအတာထိ ရှည်လျားမည်ကိုမသိနိုင်သော ကိုဗစ်အကျပ်အတည်းကာလ လူမှုစီးပွားရေး ပြဿနာများဖြေရှင်းရေးအတွက်မူ ကန့်သတ်ချက်များစွာရှိနေမည်ကို သတိပြုရ ပေမည်။

မြန်မာနိုင်ငံအနေနှင့်မူ စီးပွားရေးပြန်လည်နာလန်ထူရေးတွင် အဓိက မောင်းနှင်အားဖြစ်သည့် လခစားဝန်ထမ်းများအား မည်သို့မည်ပုံထောက်ပံ့မည်ကို အလေးပေးစဉ်းစားသင့်ပေသည်။ ကိုဗစ်ကြောင့် စီးပွားရေးတုံ့နှေးနေသည့်ကာလအတွင်း လခစားဝန်ထမ်းများအတွက် ထောက်ပံ့ငွေကြေးအတိုင်းအတာတစ်ခုထိ ဖန်တီးပေးထားရန် အရေးကြီးပေသည်။ နိုင်ငံ့ဝန်ထမ်းများကို ထောက်ပံ့မှုများ ပေးရန်မှာ ခက်ခဲသည့်ကိစ္စမဟုတ်သော်လည်း ပုဂ္ဂလိကလုပ်ငန်းများမှ လခစား ဝန်ထမ်းများကို တိုက်ရိုက်ထောက်ပံ့နိုင်ရန်မှာ ခက်ခဲမည်သာပင်။ 

သို့အတွက်ကြောင့် ဝန်ထမ်းများကိုလခပေးရန် ခက်ခဲနေသော ကုမ္ပဏီများ အား နိုင်ငံတော်ဘက်က နည်းလမ်းရှာ၍ ပံ့ပိုးရန် အစီအစဉ်များအပါအဝင် စီးပွားရေး မူဝါဒများ၊ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း စသည်များဖြေလျှော့ပေးရန် ကဲ့သို့သော စီးပွားရေး နာလန်ထူစေမည့် Sti mulus Package များကို စနစ်တကျအကောင်အထည်ဖော်နိုင်မည်ဆိုပါက လခစားဝန်ထမ်းများ အလုပ်လက်မဲ့ဖြစ်ခြင်းမှ ပေါ်ပေါက်နိုင်သည့် နောက်ဆက်တွဲဆိုးကျိုးများကိုပါ ကာကွယ်နိုင်မည်ဖြစ်ကြောင်း အကြံပြုလိုရင်းဖြစ်ပေသည်။ 

အယ်ဒီတာ (၄ - ၅ - ၂၀၂၀)