News

POST TYPE

EDITOR PICK POST

လမ်းဘေးခွေးဇာတ်လမ်း ဝိရောဓိ
23-May-2019


ရန်ကုန်မြို့တွင် လတ်တလောလူတွေအကြား အငြင်းအခုံ ဖြစ်နေကြသည်မှာ လမ်းဘေးလေလွင့် ခွေးများအကြောင်းပင်ဖြစ်သည်။ ထိုခွေးများကို ရှင်းလင်းရေး လုပ်သင့် မလုပ်သင့် ဝိဝါဒကွဲနေကြသည်။

လမ်းဘေးခွေးများက ကလေးငယ်များကို ဝိုင်းကိုက်ခြင်း၊ ကလေးငယ်များ ခွေးရူးပြန် သေဆုံးခြင်း စသည့်ဖြစ်စဉ်များ လူမှုကွန်ရက်တွင် ပျံ့နှံ့လာသည့်အခါ လူအများ စိုးရိမ်လာကြသည်။ ထို့ကြောင့် လမ်းဘေးခွေးများကို ရှင်းလင်းပေးရန် တောင်းဆိုကြသည်။ ထိုအခါ ခွေးချစ်သူတို့ကလည်း လမ်းဘေးခွေးကာကွယ်ရေးကို ဆတ်ဆတ်ထိမခံ လုပ်ဆောင်လာကြသည်။



ပြီးခဲ့သည့် ရက်ပိုင်းက ရန်ကုန်စည်ပင်သာယာ ရေးကော်မတီက ကျောက်တံတားမြို့နယ်အတွင်း လမ်းဘေး လေလွင့်ခွေးများကို လှိုင်မြို့နယ်ရှိ ခွေးဂေဟာသို့ နေရာပြောင်းရွှေ့ရန် လုပ်ဆောင်နေစဉ် ခွေးချစ်သူ လူတစ်စုက ဝင်လုခဲ့ကြသည့်အတွက် စည်ပင်က ဆက်လုပ်၍ မရတော့ဘဲ ရပ်နားခဲ့ရသည်။ 

ထိုသို့ ခွေးလုခြင်းကြောင့် ခွေးချစ်သူတို့အပေါ် ဝေဖန်မှုများမြင့်တက်လာခဲ့သည့်အပြင် နိုင်ငံဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုကို နှောင့်ယှက်ခြင်းဟု ရှုတ်ချကြသည်။

စီးပွားရေးမြို့တော်ကြီးတွင် လူနေမှုဘဝ၊ စီးပွားရေးကဏ္ဍမြှင့်တင်ရေးတို့ကို လုပ်ဆောင်ဖြေရှင်းရန် မဆိုထားနှင့် လမ်းဘေးခွေးလေခွေးလွင့် ပြဿနာပင် မဖြေရှင်းနိုင်ခြင်းလားဟု လက်ရှိအစိုးရအပေါ် မေးခွန်းထုတ်စရာဖြစ်နေသည်။

အထက်ဖော်ပြပါ ခွေးဝင်လုသည်နှင့်ပတ်သက်၍ တိရစ္ဆာန်ညှဉ်းပန်းနှိပ်စက်မှု ကာကွယ်ရေးကွန်ရက် အဖွဲ့ကမူ ခွေးဂေဟာသို့ ပို့ရန်မဟုတ်ဘဲ သားသတ်ဌာနမှ ဖမ်းယူခိုင်းခြင်းဖြစ်သည်ဟု စွပ်စွဲသည်။ 

ခွေးများကို ဖမ်း၍ တုတ်ဖြင့်လျှိုကာ သယ်ယူနေပြီး ပါးစပ်ကို မစည်းထားသည့်အတွက် ခွေးဖမ်းသူများကို ကိုက်သဖြင့် ဆက်မသယ်နိုင်ချိန်နှင့် လာရောက်ကြည့်ရှုသူများက မလုပ်ကြရန် ဝိုင်းတောင်းဆိုချိန် ကြိုးဖြေပေးလိုက်ခြင်းဖြစ်ကြောင်း ဖြေရှင်းထားသည်။

“တိရစ္ဆာန်ချစ်သူတွေက ဝိုင်းလုတာ မဟုတ်ပါဘူး။ အဲဒီမှာ CCTV ရှိတဲ့အတွက် အစ်ကိုတို့က လိမ်ပြောတာလား၊ သူတို့က လိမ်ပြောတာလား ဆိုတာ။ ကြိုက်တဲ့ ပုဒ်မနဲ့ အရေးယူပါ။ အမှန်တရားအတွက် ရင်ဆိုင်မယ်လို့ ပြောချင်ပါတယ်”ဟု တိရစ္ဆာန်ညှဉ်းပန်းနှိပ်စက်မှု ကာကွယ်ရေးကွန်ရက်အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးသန့်စင်က ဆိုသည်။

ဓာတ်ပုံသတင်းထောက် ကိုစိုးဇေယျာထွန်းကမူ “ခွေးချစ်သူတွေအနေနဲ့ လူ့အသက်က အရေးကြီးလား၊ ခွေးအသက်က အရေးကြီးလား သိစေချင်ပါတယ်။ လူတွေ အန္တရာယ်မဖြစ်အောင် ခွေးတွေကို ဂေဟာပို့မယ့်ဟာကို ကဖျက်ယဖျက်လုပ်တယ်ဆိုရင် အဲလူတွေကို စိတ်ရောဂါဆရာဝန်နဲ့ ကုသဖို့လိုပြီ”ဟု မှတ်ချက်ပေးသည်။

ယခင်ကတော့ လမ်းဘေးခွေးလေခွေးလွင့်များကို စည်ပင်သာယာရေးကော်မတီက သားဆက်ခြားခြင်း၊ သင်းကွပ်ခြင်း၊ အမဲသားအဆိပ်ချခြင်းဖြင့် ရှင်းလင်းလုပ်ဆောင်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ခွေးချစ်သူများက အဆိပ်ချသတ်မှုများကို ကန့်ကွက်ဆန္ဒပြခဲ့ကြသည့်အတွက် ထိုခွေးများ မျိုးမပွားစေရန် အဆိပ်ချခြင်းထက် သင်းကွပ်ခြင်းနှင့် သားဆက်ခြားနည်းဖြင့် ထိန်းချုပ်ရန် လုပ်ဆောင်ခဲ့သည်။ သို့သော် အောင်မြင်မှု မရရှိဘဲ လမ်းဘေးခွေးများ တိုးပွားလာဆဲဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့က သာကေတ မြို့နယ်တွင် ၁၂ အရွယ် ကလေးမလေးတစ်ဦး လမ်းဘေးခွေးရူး တစ်ကောင်အကိုက်ခံရသည့်အတွက် သေဆုံးမှုဖြစ်ပွားခဲ့သည်။ ထိုဖြစ်စဉ်ကြောင့် ခွေးလေခွေးလွင့် ရှင်းလင်းပေးရန် စည်ပင်သာယာရေး ကော်မတီအပေါ် ဖိအားတစ်ခု ဖြစ်လာခဲ့သည်။

ခွေးရူးကြောင့် သေဆုံးရသည်များ ထိုဖြစ်စဉ် တစ်ခုတည်းသာမဟုတ်။ နှစ်စဉ်နှစ်တိုင်း ခွေးရူးပြန်ရောဂါဖြင့် သေဆုံးမှုများရှိနေသည်။ ကျန်းမာရေးဝန်ကြီးဌာန စာရင်းဇယားများအရမူ ခွေးရူးရောဂါကြောင့် ၂၀၁၄ ခုနှစ်တွင် ၁၅၂ ဦး၊ ၂၀၁၅ ခုနှစ်တွင် ၉၈ ဦး၊ ၂၀၁၆ ခုနှစ်တွင် ၉၉ ဦး၊ ၂၀၁၇ ခုနှစ်တွင် ၇၈ ဦး၊ ၂၀၁၈ ခုနှစ်တွင် ၆၉ ဦး သေဆုံးခဲ့သည်။

မြန်မာတစ်နိုင်ငံလုံးတွင် ခွေးလေခွေးလွင့် ပေါင်း ၃ ဒသမ ၈ သန်း ခန့်ရှိနေပြီး၊ ၇၅ ရာခိုင်နှုန်းမှာ ခွေးရူးရောဂါပိုးရှိနေကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းကြသည်။ 

ရန်ကုန်မြို့တော် နယ်နိမိတ်အတွင်း တစ်နှစ်လျှင် လေလွင့်ခွေးကောင်ရေ ၂၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိတိုးနေကြောင်း ရန်ကုန်မြို့တော်ဝန်က လွှတ်တော်တွင် ပြောကြားခဲ့သည်။

လက်ရှိပြဿနာမှာ ခွေးချစ်သူတို့က အဆိပ်ချ သတ်ရှင်းလင်းခြင်းကို ကန့်ကွက်ကြသည်ဟု ဆိုကြသော်လည်း တစ်ဖက်တွင်လည်း လူအကိုက်ခံ ရရုံမက အသက်သေဆုံးသည်အထိ ဖြစ်လာသည်ကိုမူ လူအများက လက်မခံဘဲ ရှင်းလင်းပေးရန် တောင်းဆိုကြခြင်းဖြစ်သည်။

တိရစ္ဆာန်ချစ်သူတစ်ဦးဖြစ်သည့် ကိုသူရမျိုးက “အဆိပ်တော့မခတ်စေချင်ဘူး”ဟု ဆိုသည်။

ထိုခွေးများကို အဆိပ်ချသတ်ခြင်းသည် အစွန်းရောက်ခြင်းသာဖြစ်ပြီး လမ်းဘေးခွေးများကို သေချာစာရင်းပြုစုပြီး ကိုယ့်လမ်းက ခွေးကို တာဝန်ယူနိုင်သူထားကာ တာဝန်ခံလျှင် ရနိုင်ကြောင်းနှင့် တာဝန်ယူမှု မခံနိုင်သည့် လမ်းများမှ ခွေးများကို ခွေဂေဟာသို့ ပို့သင့်ကြောင်း မှတ်ချက်ပေးသည်။

လေလွင့်ခွေးများနှင့် ပတ်သက်၍ ကျောက်တံတား မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ၎င်း၏လူမှုကွန်ရက်တွင် ရန်ကုန်တစ်တိုင်းလုံးအတွက် စနစ်တကျ မူဝါဒချမှတ်ပြီး သင့်လျော်သည့် နည်းလမ်းဖြင့် တစ်ဆင့်ချင်း လုပ်စေချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေသေးသည့်အတွက် ခွေးအချို့ကို သင်းကွပ်နိုင်ရန်၊ ကာကွယ်ဆေးထိုးနိုင်ရန် တိုင်ပင်ပြီး လုပ်ကြရမည်ဖြစ်ကြောင်း၊ အားလုံး အပြောင်ရှင်းနိုင်ဖို့သည် မလွယ်သေးသည့် အတွက်ကြောင့် လူကို အန္တရာယ်မဖြစ်အောင် ဝိုင်းကြိုးစားရမည်ဟု ရေးသားခဲ့သည်။

ထိုသို့ရေးသားခဲ့သည့်အတွက် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာကို တိရစ္ဆာန်ချစ်သူများက ဝိုင်းဝန်းကန့်ကွက်ခဲ့သည့်အပြင် ဆဲဆိုမှုအချို့ ရှိခဲ့သည်ကိုလည်း တွေ့ရသည်။

ဩစတြေးလျနိုင်ငံတွင်တော့ ပိုင်ရှင်မဲ့ ကြောင်များသည် လူကို အန္တရာယ်ပြုမှု ဖြစ်လာသည့်အတွက် တစ်နိုင်ငံလုံးရှိ ပိုင်ရှင်မဲ့ကြောင် နှစ်သန်းကို အဆိပ်ချ သုတ်သင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

လမ်းဘေး ခွေးလေခွေးလွင့်များ လူကို အန္တရာယ်ပြုမှုမှ အသက်အန္တရာယ်ပြုမှု ဖြစ်လာသည်ကို လက်မခံသူအများစုက ထိုခွေးများကို တိရစ္ဆာန်ချစ်သူတို့ နေအိမ်များသို့ ခွဲတမ်းဖြင့် ပို့လိုက်ကြရန် သို့မဟုတ် ယူကြရန် ပြောဆိုကြသည်။

ရန်ကုန်မြို့တော်၏ နေရာတော်တော်များများတွင် လမ်းဘေးခွေးလေခွေလွင့် ပြဿနာ ရင်ဆိုင်နေရသည်။ သားဆက်ခြားဆေးထိုးသော ခွေးများမှာလည်း ခွေးနှင့်မတူဘဲ ဝက်နှင့် တူနေသည်။ ဖြည်းဖြည်းချင်းသွားနေပြီး လူကပ်လာလျှင် လှမ်းဟပ်ပြီး ကိုက်သည်ဟု ဆိုကြသည်။

အချို့ကလည်း ရပ်ကွက်အတွင်းရှိ ခွေးလေ ခွေးလွင့်များကို အစာကျွေးမွေးထားကြသော်လည်း ထိုခွေးများကိုက်လျှင်တော့ တာဝန်ယူမှုမရှိကြပေ။ “မွေးချင်ရင် အိမ်မှာမွေးကြပါ ။ ဆေးထိုးပေးကြပါ ။ လည်ပတ်ပတ်ပေးကြပါ။ လိုင်စင်လုပ်ကြပါ။ ကိုက်ရင် တာဝန်ယူပေးကြပါ။ ပိုင်ရှင်မဲ့လမ်းဘေး ခွေးဆိုရင်တော့ နောက်ထပ် မျိုးမပွားနိုင်အောင် ဆေးထိုးရင်ထိုး၊ မထိုးရင်သုတ်သင်ဖို့ကို ထောက်ခံပါတယ်။ အန္တရာယ်များလွန်းလို့ပါ”ဟု ကိုခိုင်မြဲကျော်ကျော်က ဆိုသည်။

၂၀၁၈ ခုနှစ်တွင် အသစ်ထပ်မံထွက်ရှိခဲ့သည့် ရန်ကုန်မြို့တော်စည်ပင်သာယာ ဥပဒေအခန်း (၅) ပုဒ်မ ၂၄၊ ပုဒ်မခွဲငယ် (၃၂) ၌ အန္တရာယ်ဖြစ်စေနိုင်သည့် တိရစ္ဆာန်များကို ဖမ်းဆီး၊ ထိန်းသိမ်း၊ သုတ်သင်ရှင်းလင်းခြင်း၊ တိရစ္ဆာန် ထိန်းသိမ်းရေးရုံများ တည်ထောင်ဖွင့်လှစ်ခြင်းနှင့် တည်ထောင်ဖွင့်လှစ်ခွင့်ပြုခြင်း၊ လေလွင့် တိရစ္ဆာန်များကို ဖမ်းဆီးထိန်းသိမ်းခြင်းတို့ ပြုလုပ်နိုင်သည်ဟု ဖော်ပြထားသည်။

စည်ပင်ဥပဒေ အခန်း (၂၂)၊ ပုဒ်မ ၂၁၄ တွင်လည်း ကော်မတီသည် မြို့တော်နယ်နိ မိတ်အတွင်း အများပြည်သူစားသုံးရန် အလို့ငှာ မွေးမြူထားသော တိရစ္ဆာန်များ၊ အိမ်မွေးတိရစ္ဆာန်များ၏ ကျန်းမာရေး၊ ကူးစက်ရောဂါ တားဆီးကာကွယ်ရေး လုပ်ငန်းများကို သီးခြားအစီအစဉ်ဖြင့်လည်းကောင်း၊ သက်ဆိုင်ရာ အစိုးရဌာန အဖွဲ့အစည်းများနှင့် ညှိနှိုင်း၍လည်းကောင်း ဆောင်ရွက်နိုင်သည်ဟု ဖော်ပြထားသည့်အပြင် ပုဒ်မ (၂၁၈) တွင် အန္တရာယ်ဖြစ်စေနိုင်သည့် တိရစ္ဆာန်များကို သင့်လျော်သည့် နည်းလမ်းဖြင့် ဖယ်ရှားရှင်းလင်း နိုင်သည်ဟု ဖော်ပြထားသည်။

ထို့ပြင် ပုဒ်မ ၂၂၆ (က) တွင်မူ ကော်မတီသည် ဖမ်းဆီးထိန်းသိမ်းထားသည့် တိရစ္ဆာန်အတွက် ထိန်းသိမ်းထားရှိမည့်ကာလကို သတ်မှတ်ခြင်း၊ ပြင်ဆင်သတ်မှတ်ခြင်း ကာလအတွင်း လိုအပ်သော ကျွေးမွေးစောင့်ရှောက်မှုများ ပြုနိုင်သည်ဟု ဥပဒေတွင် ဖော်ပြထားသည်။ ပုဒ်မ (၃၂၁) တွင်လည်း မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီက ထုတ်ပေးသည့် မှတ်ပုံတင်လက်မှတ် သို့မဟုတ် လုပ်ငန်းလိုင်စင်မရှိဘဲ အိမ်မွေးတိရစ္ဆာန် မွေးမြူခြင်း၊ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ဆောင်ခြင်း၊ ရောင်းချခြင်းမပြုရဟု ဖော်ပြထားပြန်သည်။

စည်ပင်ဥပဒေ ပြစ်မှု၊ ပြစ်ဒဏ်တွင်လည်း မြို့တော်နယ်နိမိတ်အတွင်း ကော်မတီက ထုတ်ပေးသည့် မှတ်ပုံတင်လက်မှတ် သို့မဟုတ် လုပ်ငန်းလိုင်စင်မရှိဘဲ အိမ်မွေးတိရစ္ဆာန် မွေးမြူခြင်း၊ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ဆောင်ခြင်း၊ ရောင်းချခြင်းများ ပြုလုပ်ပါက ငွေဒဏ် ကျပ်တစ်သိန်းမှ ငါးသိန်းအထိ ချမှတ်နိုင်ပြီး ထောင်ဒဏ်ခြောက်လအထိ ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။

 လမ်းဘေး ခွေးလေခွေးလွင့်တွေကို အဆိပ်ချ သတ်ဖြတ်ခြင်းကို ရပ်တန့်ပေးရန်နှင့် နိုင်ငံတကာတွင် အသုံးပြုနေသော အမျိုးထိန်းစနစ်ဖြင့် ဆက်လက်အသက်ရှင်သန်ခွင့်ပြုရန်၊ ခွေးရူးရောဂါကြောင့် သေဆုံးနှုန်းကို လျော့ကျစေရန်အတွက် ကာကွယ်ဆေးထိုးခြင်းသည် အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း တိရစ္ဆာန်ချစ်သူဖြစ်သည့် မသဇင်နိုင်က မှတ်ချက်ပေးသည်။

“ခွေးလေခွေးလွင့်တွေကို အဆိပ်ကျွေး သတ်ဖြတ်တဲ့နည်းထက် သက်တမ်းစေ့နေနိုင်အောင် အစိုးရအနေနဲ့ မြို့ ပြင်နေရာတစ်ခုခုမှာ နေရာချပေးရင် ပိုကောင်းပါတယ်။ တတ်နိုင်သမျှ လမ်းဘေးခွေးလေးတွေကို သားဆက်ခြားတဲ့ နည်းလမ်းနဲ့ သင်းကွပ်တဲ့ နည်းလမ်းတွေကို သုံးမယ်ဆိုရင် ပိုကောင်းပါတယ်”ဟုလည်း ၎င်းက ဆိုသည်။

နောက်ဆုံးရသတင်းများအရ လေလွင့်ခွေးများ ဖမ်းဆီးရာတွင် အလုခံခဲ့ရသည်ဟုဆိုသော ကျောက်တံတားမြို့နယ်တွင် စည်ပင်သာယာရေး ကော်မတီက လေလွင့်ခွေးများကို ယနေ့တွင် ကားများဖြင့် တင်ဆောင်သွားပြီဖြစ်သည်။

ယခင်နေ့က ထိုခွေးများကို ဖမ်းဆီးစဉ် တားဆီး နှောင့်ယှက်ခဲ့သူများကိုလည်း အရေးယူနိုင်ရန် စီစဉ်နေပြီဖြစ်သည်။ အရေးယူသည့်အခါ တိရစ္ဆာန် ချစ်သူများအဖွဲ့ သို့မဟုတ် ကွန်ရက်တို့ကလည်း ဆန္ဒထုတ်ဖော်မှုများ ဖြစ်လာနိုင်ဖွယ်ရှိနေသည်။

ထို့ကြောင့် စီးပွားရေးမြို့တော် ရန်ကုန်မြို့ကြီးတွင် လေလွင့်ခွေးပြဿနာကြောင့် ခွေးချစ်သူနှင့် မချစ်ကြသူတို့ကြား ဆက်လက် ငြင်းခုံကြရဦးမည်ဖြစ်သည်။

မင်းထက်စံ၊ သက်သျှိုင်းသူ

 



  • VIA