News

POST TYPE

EDITOR PICK POST

ကျိုက်ထို မြန်မာ့စီးပွားရေးဘဏ်က ဝန်ထမ်းတစ်ဦးကို ကျပ်သိန်းလေးထောင် အလွဲသုံးသည်ဟုဆိုကာ အမှုဖွင့်
15-May-2019
မော်လမြိုင်၊ မေ ၁၅ 

ကျိုက်ထိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ဘဏ်ဝန်ထမ်း ဦးကျော်မိုးဝင်းကို ကျပ်သိန်းလေးထောင် အလွဲသုံးသည်ဟုဆိုကာ မေလ ၁၄ ရက်နေ့တွင် အမှုဖွင့်ထားကြောင်း ကျိုက်ထိုမြို့မရဲစခန်းထံမှ သိရသည်။

“အမှုလာဖွင့်တာပဲရှိတယ်၊ အခုထိ စစ်တုန်း၊ အမှုလာဖွင့်တာတော့ ဟုတ်တယ်၊ ငွေလျော့နည်းမှုနဲ့ပတ်သက်ပြီး သူတို့ဘဏ်တွင်းမှာ အသေးစိတ်စစ်ဆေးနေတော့ ကျွန်တော်တို့ကိုပြောမပြဘူး”ဟု ကျိုက်ထို မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးအေးမြင့်က ပြောကြားသည်။

မေလ ၁၄ ရက်နေ့ နံနက်ပိုင်းက ကျိုက်ထိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ် ငွေတိုက်ဖွင့်ရမည့်အချိန်တွင် ငွေကိုင် (၃) တာဝန်ယူထားသူ ကျော်မိုးဝင်း ရောက်မလာသည့်အတွက် ၎င်း၏နေအိမ်သို့လိုက်သွားရာ ကျော်မိုးဝင်း၏အမေဖြစ်သူနှင့်သာ တွေ့ဆုံခဲ့ကြောင်း၊ ၎င်းမှာ မေလ ၁၃ ရက် နေ့ ည ၇ ခွဲမှစ၍ နေအိမ်မှထွက်သွားပြီးနောက် ပြန်မရောက်ရှိသေးကြောင်းသိရ၍ ၎င်း၏အိပ်ခန်းအားဝင်ကြည့်ရာ အိပ်ယာပေါ်တွင် ငွေတိုက်သော့အိတ်တွေ့ရှိခဲ့ပြီး ဘဏ်ကြီးကြပ်ရေးမှူး ဒေါ်ခင်အေးမော်ညွန့်မှ ငွေတိုက်သော့အိတ်ယူလာပြီး မြို့နယ်မန်နေဂျာကတစ်ဆင့် ခရိုင်မန်နေဂျာသို့ သတင်းပေးပို့ခဲ့ကြောင်း၊ ခရိုင်မန်နေဂျာကတစ်ဆင့် ပြည်နယ်မန်နေဂျာသို့ သတင်းပေးပို့ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

မြန်မာ့စီးပွားရေးဘဏ် ပြည်နယ် မန်နေဂျာ၏လမ်းညွှန်မှုဖြင့် ငွေတိုက်သော့ ကိုင်နှစ်ဦးနှင့်အတူ ကြီးကြပ်ရေးမှူးတို့က ငွေတိုက်အား ဖွင့်လှစ်စေခဲ့ပြီးနောက် တစ်ရက်တာ ငွေကြေးလည်ပတ်နိုင်ရန် ငွေများထုတ်ယူရာတွင် မသင်္ကာဖွယ်ရာများ တွေ့ရသဖြင့် ခရိုင်မန်နေဂျာနှင့်အဖွဲ့တို့ကစစ်ဆေးခဲ့ရာ ယင်းနေ့ညနေ ၅ နာရီအချိန်တွင် ငွေတိုက်အတွင်းမှ ကျပ်သိန်း လေးထောင်ပျောက်ဆုံးနေသည်ကို စိစစ်တွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထိုသို့ ငွေကွာဟနေမှုကြောင့် ငွေတိုက်သော့ကိုင် - ၃ ဖြစ်သူ ကျော်မိုးဝင်းကို အရေးယူပေးနိုင်ရန် သထုံခရိုင် မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ဒေါ်ရှင်မြင့်ထွေးက တရားလိုပြု၍ တိုင်ကြားခဲ့သောကြောင့် ကျိုက်ထိုမြို့မရဲစခန်း က (ပ) ၂၃၅၁/ ၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၄၀၉ ဖြင့် အမှုဖွင့်ပေးထားပြီး ထွက်ပြေးတိမ်းရှောင်နေသော ကျော်မိုးဝင်းကိုဖမ်းဆီးရမိရန် စုံစမ်းနေကြောင်း ကျိုက်ထိုမြို့မရဲစခန်းထံမှ သိရသည်။ 

R-21