News

POST TYPE

EDITOR PICK POST

ဒေါ်အောင်ဆန်းစုကြည် မကွေးနှင့် နတ်မောက် ဒေသခံများနှင့် တွေ့ဆုံမည်
08-May-2019
ရန်ကုန်၊ မေ ၈

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မေလ ၉ ရက်နှင့် ၁၀ ရက်နေ့များတွင် မကွေးတိုင်းဒေသကြီး မကွေးနှင့် နတ်မောက်မြို့များသို့ သွားရောက်ကာ ဒေသခံပြည်သူများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး NLD ပါတီထံမှ သိရသည်။

မကွေးမြို့သို့ မေလ ၉ ရက်နေ့တွင် ရောက်ရှိမည်ဖြစ်ပြီး မကွေးမြို့ဒေသခံ ပြည်သူများနှင့်တွေ့ဆုံပွဲကို မကွေးမြို့တော်ခန်းမတွင် ပြုလုပ်မည်ဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် မေလ ၁၀ ရက်နေ့တွင် နတ်မောက်မြို့ ပြည်သူများနှင့်တွေ့ဆုံပွဲကို ပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာ-တရုတ် ချစ်ကြည်ရေး နတ်မောက်ပြည်သူ့ဆေးရုံသစ်ကိုလည်း မြို့နယ်ပြည်သူ့ဆေးရုံသစ်အဖြစ် ပြည်သူထံ အပ်နှံသွားမည်ဖြစ်ကြောင်းလည်း မကွေးတိုင်းပါတီ ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

“အတိုင်ပင်ခံရဲ့ လူကြီးလမ်းကြောင်းဖြစ်နေတော့ လုံခြုံရေးအရ အသေးစိတ်တော့ အသိမပေးထားဘူး။ ဘယ်နေရာ VIP လမ်းကြောင်းတွေရှိတယ်ဆိုပြီး သတင်းဝင်တာတော့ရှိတယ်။ ရွှေစက်တော်ဘုရားကြီးဝင်မှာရှိမယ်။ နတ်မောက်ကတစ်ဆင့် ဗိဿနိုးမြို့ဟောင်း၊ ယဉ်ကျေးမှုပြတိုက်များကိုလည်း သွားရောက်လေ့လာမယ်လို့ ကြားထားပါတယ်။ လုံခြုံရေးအရ လမ်းကြောင်း အတိအကျတော့ အသိမပေးဘူးပေါ့”ဟု မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ အဆိုပါခရီးစဉ်အတွင်း တိုင်ကြားစာ လက်ခံရေးဌာနများကိုလည်း ဖွင့်လှစ်သွားမည်ဖြစ်ပြီး မကွေးနှင့် နတ်မောက် နှစ်နေရာလုံးတွင် တိုင်ကြားသွားနိုင်ကြောင်းလည်း ပါတီပြန်ကြားရေးဌာနမှ သိရသည်။

တရုတ်သံရုံးမှ ဆောက်လုပ်လှူဒါန်းသည့် နတ်မောက်မြို့နယ် ပြည်သူ့ဆေးရုံကို ပြီးခဲ့သည့် ၂၀၁၈ နှစ်ကုန်ပိုင်းက စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနထံသို့ အထောက်အထားများ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည် ဧပြီလကုန်ပိုင်းက တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး ယင်းမှတစ်ဆင့် ကမ္ဘောဒီးယားနိုင်ငံသို့ ဆက်လက် သွားရောက်ခဲ့ကာ မေလ ၁ ရက်နေ့တွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

J-08