News

POST TYPE

EDITOR PICK POST

ဘာသာအချင်းချင်း အပြန်အလှန်လေးစားမှုဖြင့် ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတော်အတိုင်ပင်ခံ တိုက်တွန်း
07-May-2019

နေပြည်တော်၊ မေ ၇

မတူကွဲပြားသည့် ဘာသာအချင်းချင်းကြား မိမိတို့ ယုံကြည်ကိုးကွယ်ရာ ဘာသာတရား၏ သွန်သင်ချက်များနှင့်အညီ အပြန်အလှန် လေးစားမှုနှင့် နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

“လူမျိုးပေါင်းစုံတို့ရဲ့ မတူကွဲပြားတဲ့ ဘာသာအချင်းချင်း အပြန်အလှန် နားလည်ယုံကြည်မှုများထားရှိပြီး တည်ငြိမ်အေးချမ်းတဲ့ လူနေမှုဘဝကိုမြှင့်တင်ဖို့၊ ဘာသာရေး ပဋိပက္ခများ မဖြစ်ပွားအောင် ကာကွယ်တားဆီးဖို့၊ ပဋိပက္ခကြောင့် ဒုက္ခရောက်သူတွေကို အပြည့်အဝ ကူညီစောင့်ရှောက်ပြီး ပြန်လည် ထူထောင်ပေးနိုင်ဖို့၊နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းများမှာ မိမိတို့ ယုံကြည်ကိုးကွယ်ရာ ဘာသာတရားရဲ့ သွန်သင်ချက်များနဲ့အညီ အပြန်အလှန်လေးစားမှုနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ကို တိုက်တွန်းလိုပါတယ်”ဟု ၎င်းကပြောဆိုသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပြီး နုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“ယခုလို ဆွေးနွေးပွဲများ အမြဲမပြတ် လုပ်ဆောင်ခြင်းအားဖြင့် ကိုးကွယ်ရာ ဘာသာတူသူများ အချင်းချင်း၊ ကိုးကွယ်ရာ ဘာသာမတူညီသော ဘာသာဝင်များ အချင်းချင်း တစ်ဦးနှင့်တစ်ဦး ချစ်ကြည်ရင်းနှီးစွာ အတူတကွ လက်တွဲနေထိုင်နိုင်ကြစေဖို့နဲ့ ငြိမ်းချမ်းရေးစိတ်ထားများ ပျံ့နှံ့ကိန်းအောင်းလာစေဖို့ အင်တိုက်အားတိုက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နိုင်ကြပါစေ”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ယင်းအခမ်းအနားကို ကြီးမှူးကျင်းပသည့် ငြိမ်းချမ်းမေတ္တာအဖွဲ့ (Religions for Peace-RfP International) သည် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင်အခြေစိုက်ပြီး နိုင်ငံတကာ ဘာသာပေါင်းစုံမှ ဘာသာရေး ခေါင်းဆောင်ကြီးများ ပါဝင်ကာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်သည့် အကြီးမားဆုံးနှင့် အကျယ်ပြန့်ဆုံးအဖွဲ့ဖြစ်သည်။

အဆိုပါ အခမ်းအနားကို မေလ ၈ ရက်အထိ ဆက်လက်ကျင်းပမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၁ ရက်ကလည်း အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ထွန်းကားရန်အတွက် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို နေပြည်တော်ရှိ MICC−2 တွင် ပြုလုပ်ခဲ့ဖူးသည်

S-01