News

POST TYPE

EDITOR PICK POST

နိုင်ငံရေးအကျဉ်းသားအဓိပ္ပာယ် ဖွင့်ဆိုချက်
07-May-2019


မြန်မာနိုင်ငံအစိုးရအဆက်ဆက်က သူတို့ အုပ်ချုပ်စဉ်ကာလတွင် နိုင်ငံရေးအကျဉ်းသားမရှိဘူးဟု ပြောဆိုလေ့ရှိပါတယ်။ ဒါကြောင့် နိုင်ငံရေးအကျဉ်းသားဆိုတာ ဘာလဲ၊ နိုင်ငံရေးအကျဉ်းသားလို့ ဘာလို့ခေါ်တာလဲ၊ နိုင်ငံရေးအကျဉ်းသားအဓိပ္ပာယ်ကို ဘယ်လိုဖွင့်ဆိုသလဲဆိုတာ လေ့လာကြည့်စို့လားဗျာ။

ဦးစွာ အမေရိကန်ဟာရီတိတ်ချ်အဘိဓာန် (American Heritage Dictonary) တွင် A person who been imprisoned for hodding or advocating dissenting political views အစိုးရနှင့် ဆန့်ကျင်ဘက် နိုင်ငံရေးအမြင်တစ်ခုကို ယုံကြည်၍ လှုံ့ဆော်၍ ဖမ်းဆီးအကျဉ်းချခြင်းခံရသူကို နိုင်ငံရေးအကျဉ်းသား ဟုခေါ်သည်။ ဗြိတိန်နိုင်ငံထုတ် ကော်လင်း အင်္ဂလိပ်အဘိဓာန် (Collins English Distionary) မှာတော့ Someone imprisoned for holding, expressing, or acting in accord with particular political bellefs နိုင်ငံရေးယုံကြည်မှုတစ်ရပ်ကို လက်ခံ၍ ဖော်ထုတ်၍ ယုံကြည်မှုအတိုင်းဆောင်ရွက်၍ ဖမ်းဆီအကျဉ်းချခြင်းခံရသူကို နိုင်ငံရေးအကျဉ်းသားဟု ခေါ်ပါသည်။ Cambride တက္ကသိုလ်ထုတ် အဘိဓာန်တွင် Someone  who  is  put  in  prison  for expressing disapproval of their government or for belonging to on organization, race, or social group not approved of by that government အစိုးရအသိအမှတ်မပြုထားသော အဖွဲ့အစည်း၊ လူမှုရေးအသင်းအဖွဲ့၊ လူမျိုးနှင့်ပတ်သက်ဆက်နွှယ်ခြင်း၊ လက်ရှိအစိုးရ၏မူဝါဒလုပ်ဆောင်ချက်များကို သဘောမတူ၊ ဆန့်ကျင်မှုပြုခြင်းတို့အတွက် အကျဉ်းချခံရသူကို နိုင်ငံရေးအကျဉ်းသားဟုခေါ်သည်။ ဒါတော့ အဘိဓာန်ကပေးတဲ့ နိုင်ငံရေးအကျဉ်းသားကို အဓိပ္ပာယ်ဖွင့်ဆိုချက်ပင်ဖြစ်ပါတယ်။

ဥရောပသမဂ္ဂရဲ့ ဥရောပပါလီမန် (Parll - amentary Assembly Council of Europe မှ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားဆိုသည်ကို အဓိပ္ပာယ်သတ်မှတ်အတည်ပြုခဲ့ပါတယ်။ ဆုံးဖြတ်ချက်အမှတ် ၁၉၀၀ (၂၀၁၂) (Resolution 1900 (2012) ကို ဥရောပပါလီမန် ၃၃ ကြိမ်မြောက် အစည်းအဝေးမှ သဘောတူ ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။ ထိုသဘောတူညီချက်ကို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအားလုံးနှင့် အဖွဲ့ဝင်ဖြစ်ခွင့် လျှောက်ထားတဲ့ နိုင်ငံများအားလုံး သဘောတူလက်ခံရမှာဖြစ်ပါတယ်။ ထိုနိုင်ငံရေးအကျဉ်းသားဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်များကတော့ ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်များအားလုံးကို အောက်ပါအကြောင်းပြချက်များဖြင့် ငြင်းပယ်ခြင်းခံရသော ပုဂ္ဂိုလ်များကို နိုင်ငံရေးအကျဉ်းသားဟု သတ်မှတ်သည်။

(က) အကယ်၍အာဏာပိုင်တို့က လူ့အခွင့်အရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ သဘောတူညီမှုများ ဥရောပညီလာခံ (European  Convention  on Human Rights and its Protocols (ECHR) တွင် ပြဋ္ဌာန်းထားသော အခြေခံအခွင့်အရေးဆိုင်ရာ အာမခံချက်များ အထူးသဖြင့် လွတ်လပ်စွာ တွေးတောခွင့်၊ လွတ်လပ်စွာ ယုံကြည်ခွင့်နှင့် ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ဖော်ပြခွင့်နှင့် လွတ်လပ်စွာ သတင်းထုတ်ပြန်ခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်နှင့် ဖွဲ့စည်းခွင့်များကို ချိုးဖောက်၍ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အားဖမ်းဆီး၊ ထိန်းသိမ်း အကျဉ်းချထားလျှင်၊

(ခ) အကယ်၍လူတစ်ယောက်သည် မည်သည့် ပြစ်မှုကိုမျှ ကျူးလွန်ခြင်းမရှိဘဲ နိုင်ငံရေးအကြောင်း ပြချက်သက်သက်ဖြင့် ဖမ်းဆီးထိန်းသိမ်း၊ အကျဉ်းချခံရလျှင်၊ 

(ဂ) အကယ်၍ အာဏာပိုင်တို့၏ နိုင်ငံရေး ရန်ငြိုးကြောင့် လူတစ်ယောက်အား အပြစ်ရှိသည်ဟူ သောဆုံးဖြတ်ချက်ဖြင့် ချမှတ်ထားသော ပြစ်ဒဏ်သည် စွပ်စွဲထားသော သံသယရှိသောပြစ်မှုကြောင့်ချမှတ်သည့် ပြစ်ဒဏ်ထက်ပိုမိုများပြားနေလျှင်၊

(ဃ) အကယ်၍ အာဏာပိုင်တို့၏ နိုင်ငံရေးရန်ငြိုးကြောင့် လူတစ်ယောက်အား အပြစ်ရှိသည်ဟူ သောဆုံးဖြတ်ချက်ဖြင့် ချမှတ်ထားသောပြစ်ဒဏ်သည် အလားတူပြစ်မှုကို ကျူးလွန်သော အခြားသူများ ရရှိသည့်ပြစ်ဒဏ်ထက် ပိုမိုများပြားနေလျှင်၊

(င) အကယ်၍ အာဏာပိုင်တို့၏ နိုင်ငံရေးရန်ငြိုးကြောင့် လူတစ်ယောက်သည် မတရား၊ မမျှတသော တရားစီရင်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခြင်း ခံရလျှင်ဆိုပြီး ဥရောပပါလီမန်က နိုင်ငံရေးအကျဉ်းသားဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ဖွင့်ဆိုထားပါတယ်ဗျ။

မြန်မာနိုင်ငံမှာတော့ နိုင်ငံရေးအကျဉ်းသား ဖွင့်ဆိုချက်ဆိုတာမျိုး တိတိကျကျဖွင့်ဆိုထားချက်မျိုး ခုထိတော့ ပြဋ္ဌာန်းသတ်မှတ်ထားခြင်းမျိုး မရှိသေးပါဘူး။ ဒါပေမဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရလက်ထက် ၁၉၈၀ ခုနှစ်တွင် နိုင်ငံရေးအကျဉ်းသားဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မျိုးတော့ ရှိခဲ့ပါတယ်ဗျ။ နိုင်ငံတော်ကောင်စီက နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ဖွင့်ဆိုပေးခဲ့ပါတယ်။ ၁၉၈၀ ခုနှစ်မှာ နိုင်ငံတော်က အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်။ ဒီလိုလွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့အချိန်မှာ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အကျဉ်းသားဦးစီးဌာနက နိုင်ငံတော်ကောင်စီကို အဓိပ္ပာယ်ဖွင့်ဆိုပေးဖို့ မေတ္တာရပ်ခံတောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့ -

(က) မတရားအသင်း အက်ဥပဒေအရ ပြစ်မှုများ

(ခ) ပြစ်မှုဥပဒေပုဒ်မ ၁၂၁ မှ ၁၃၀ (ခ) အထိပါ အစိုးရကို ဆန့်ကျင်သောပြစ်မှုများ

(ဂ) ပြစ်မှုဥပဒေ၊ အခန်း (၈)ပါ နိုင်ငံတော် ငြိမ်ဝပ်ရေးကို ပျက်စေသောပြစ်မှုများနှင့်ပတ်သက်၍ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၃၊ ၁၄၄၊ ၁၄၅၊ ၁၄၇၊ ၁၄၈၊ ၁၅၁၊ ၁၅၂၊ ၁၅၃ (က) အရ ပြစ်မှုများ

(ဃ) ၁၉၅၀ ပြည့်နှစ် အရေးပေါ် စီမံမှုအက် ဥပဒေအရ ပြစ်မှုများ ဥပမာ ပုဒ်မ ၅(ည) (NLD အစိုးရ ဦးထင်ကျော်လက်ထက်က ဖျက်သိမ်းခဲ့ပြီးဖြစ်ပါတယ်။ အောက်တိုဘာ ၄ ရက်နေ့ ၂၀၁၆)

(င) နိုင်ငံတော်ကိုဦးဆောင်သောလမ်းစဉ် ပါတီအား ကာကွယ်သည့် ဥပဒေအရပြစ်မှုများ

(စ) နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့်ဥပဒေအရ ပြစ်မှုများ ပုဒ်မ ၁၀(က)၊ ၁၀(ခ)၊

(ဆ) ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့်ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေအရ ပြစ်မှုများအားလုံးသည် “နိုင်ငံရေးပြစ်မှု” ဆိုသည့် စကားရပ်တွင် အကျုံးဝင်သည်လို့ ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်က နိုင်ငံရေးအကျဉ်းသားဆိုတဲ့အဓိပ္ပာယ်ကို ဖွင့်ဆိုပေးခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံမှာတော့ ခေတ်အဆက်ဆက် နိုင်ငံရေးအကျဉ်းသားမရှိဘူးလို့ ငြင်းဆိုခဲ့တာ အခုထိပါပဲ။ အာဏာရှင်ကြီးစိုးတဲ့နိုင်ငံတွေ၊ စစ်တပ်ကြီးစိုးတဲ့နိုင်ငံတွေမှာ နိုင်ငံရေးအကျဉ်းသားမရှိဘူးလို့ အော်တယ်ဆိုတာကို လက်ခံနိုင်ပါတယ်။ သူတို့က အာဏာကို ချုပ်ကိုင်ထားတာကို သူတို့ကိုဆန့်ကျင်သူတွေ၊ သူတို့ လုပ်ရပ်ကို ကန့်ကွက်သူတွေ၊ အာဏာလွှဲပေးဖို့ တောင်းဆိုသူတွေကို သူတို့က ရန်သူအဖြစ်သတ်မှတ်ပြီး အမျိုးမျိုး ပုဒ်မတွေတပ်ပြီး အကျဉ်းချထားပါတယ်။

ဒီလူတွေကို အာဏာရှင်တွေက နိုင်ငံရေးအကျဉ်းသားလို့ မသတ်မှတ်ပါဘူး။ သူတို့ကို ဆန့်ကျင်သူ၊ သူတို့ အာဏာတည်မြဲရေးကို နှောင့်ယှက်သူတွေအဖြစ်ပဲ မြင်ပါတယ်။ မြန်မာနိုင်ငံမှာ မြန်မာ့ဆိုရှယ်လစ်ခေတ် ၁၉၈၀ ခုနှစ်က နိုင်ငံရေးအကျဉ်းသားကို အဓိပ္ပာယ် ဖွင့်ဆိုပေးတာမျိုးရှိပြီး ခုပြည်သူတင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရဖြစ်တဲ့ NLD ပါတီအစိုးရလက်ထက်မှာတောင် နိုင်ငံရေးအကျဉ်းသားမရှိဘူးလို့ ပြောဆိုတာတွေ့ရတော့ လွန်စွာအံ့ဩမိပါတယ်။ စာရေးသူအနေနှင့် အဘိဓာန်ကပေးသော၊ ဖွင့်ဆိုသော နိုင်ငံရေးအကျဉ်းသားဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဥရောပသမဂ္ဂရဲ့ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ရေးသားဖော်ပြထားပါတယ်။ နိုင်ငံရေးအကျဉ်းသားဆိုတာ ဘယ်လိုလူတွေကို ခေါ်သလဲဆိုတာ နားလည်သဘောပေါက်မယ်လို့ ထင် မြင်ယူဆမိပါတယ်။ နားမလည်တာကတော့ အာဏာကို လက်ကိုင်ထားသူတွေပါပဲဗျ။ နိုင်ငံရေးအကျဉ်းသားမရှိဘူးဆိုပြီး တွင်တွင်ငြင်းဆိုနေကြပါတယ်။ ပြည်သူတင်မြှောက်ထားတဲ့ ဒီမိုအမည်ခံအစိုးရဖြစ်ပေမယ့် သူတို့ကိုဆန့်ကျင်သူတွေ၊ သဘောထားမတိုက်ဆိုင်သူတွေ၊ သတင်းသမားတွေကို ၆၆ (ဃ) လို ပုဒ်မ တွေ၊ ၅၀၅ (ခ) လို ပုဒ်မတွေနဲ့ ဖမ်းဆီးထောင်ချနေမှုမျိုးတွေဟာ လွန်စွာဝမ်းနည်းစရာကောင်းပါတယ်။ တပ်အာဏာပိုင်တွေကလည်း ဆတ်ဆတ်ထိမခံဘဲ သတင်းသမားတွေ၊ အရပ်သားနိုင်ငံရေးသမားတွေကို ပုဒ်မတပ်၊ ဖမ်းဆီးထောင်ချနေတာတွေကလည်း ဒီမိုကရေစီစနစ်နဲ့ မကိုက်ညီပါဘူး။ ဒါ့ကြောင့် ဒီမိုကရေစီ စနစ်ကိုဖော်ဆောင်နေတဲ့အတွက် တိကျခိုင်မာတဲ့ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုမှုကို ဖွင့်ဆိုပြီး နိုင်ငံရေးအကျဉ်းသားအခွင့်အရေးကို လိုက်နာဖို့နဲ့ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် ပေါ်ပေါက်လာစေရန် စေတနာထား ဆောင်ရွက်နိုင်ကြစေရန် စေတနာဖြင့် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်ကို တတ်နိုင်သလောက် ရေးသားတင်ပြလိုက်ရပါတယ်ဗျ။

ကိုတင့် (မြန်မာစာ)