News

POST TYPE

EDITOR PICK POST

တိုက်ကြီးတွင် ဇနီးသည်ကို ခင်ပွန်းက ဓားဖြင့်ထိုးသတ်
06-May-2019
ရန်ကုန်၊ မေ ၆ 

ရန်ကုန်မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် တာခွဆည်မြောင်းဘေးတွင် မေလ ၅ ရက် နံနက်ပိုင်းက အသက် ၂၈ နှစ်အရွယ်ရှိ အမျိုးသမီးကို အိမ်ထောင်ရေး ဖောက်ပြန်သည်ဟုစွပ်စွဲပြောဆိုကာ ၎င်း၏ခင်ပွန်းဖြစ်သူက ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

အသတ်ခံရသူ အမျိုးသမီးမှာ တိုက်ကြီးမြို့နယ်ရှိ အိုးတန်းရပ်ကွက်တွင်နေထိုင်သူဖြစ်ပြီး မေလ ၄ ရက် ညနေက ခင်ပွန်းဖြစ်သူနှင့်စကားများရန်ဖြစ်ခဲ့ပြီးနောက် သားနှင့်သမီးဖြစ်သူတို့ကို ခေါ်ဆောင်ကာ မိဘများနေထိုင်ရာ တာခွဆည်မြောင်းဘေးရှိ စပယ်ခြံသို့လာရောက်ခဲ့သည်။

“သေဆုံးသူကို သူ့ယောက်ျားက နောက်လင်ထားတယ်လို့ စွပ်စွဲပြောဆိုတာကြောင့် စိတ်ဆိုးပြီး မိဘအိမ်ကို ဆင်းလာခဲ့တယ်။ နောက်တစ်နေ့ မနက်မှာ ယောက်ျားဖြစ်တဲ့သူက ဆိုင်ကယ်နဲ့လိုက်လာပြီး အသင့်ယူလာတဲ့ ဓားနဲ့ အမျိုးသမီးကို ဆင့်ထိုးတဲ့အပြင် အနီးမှာရှိတဲ့သစ်ကိုင်းခြောက်နဲ့ပါ ရိုက်နှက်သွားခဲ့တယ်။ ဝင်ဆွဲတဲ့ ၁၂ နှစ်အရွယ် သားဖြစ်သူကိုပါ တုတ်နဲ့ရိုက်ခဲ့တာကြောင့် ကလေးဦးခေါင်းမှာ ဖူးရောင်ဒဏ်ရာတွေ ရခဲ့တယ်”ဟု ရဲအရာရှိက ရှင်းပြသည်။ 

လူသတ်မှု ကျူးလွန်စဉ်က အသုံးပြုခဲ့သည့်ဓားကို ခါးတွင်ထိုးလျက် ဇနီးဖြစ်သူ၏ ရုပ်အလောင်းဘေးတွင် ထိုင်နေသည့် အသက် ၃၅ နှစ် ဝေလင်းအောင် (ခ) ဝေလင်းကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် တိုက်ကြီးမြို့မ ရဲစခန်းမှ (ပ) ၆၃၅/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၂၃ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03