News

POST TYPE

EDITOR PICK POST

ချင်းပြည်နယ်အဆင့် အာဟာရမြှင့်တင်ရေးကွန်ရက် ဖွဲ့စည်းမည်
05-May-2019
ကလေး၊ မေ ၅

ချင်းပြည်နယ်အတွင်း အစိုးရအဖွဲ့အနေနှင့် အာဟာရမြှင့်တင်ရေးလုပ်ငန်းများကို မဟာဗျူဟာစီမံကိန်း ရေးဆွဲရာတွင် ပြည်နယ်အတွင်းရှိ အရပ်ဘက် အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှု ပိုမိုရရှိလာစေရေး၊ ချင်းပြည်နယ်အဆင့် အာဟာရမြှင့်တင်ရေး ကွန်ရက်ဖွဲ့စည်းနိုင်ရေး စီစဉ်လျက်ရှိကြောင်း အာဟာရမြှင့်တင်ရေး အရပ်ဘက်လူမှုအဖွဲ့အစည်း ကွန်ရက်မှ ဥက္ကဋ္ဌ(၁) ဦးအောင်မြတ်ကျော်က ပြောကြားသည်။

ယင်းအဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက် မေလနောက်ဆုံးပတ်အတွင်း ချင်းပြည်နယ်အတွင်းရှိ အရပ်ဘက် အဖွဲ့အစည်း အားလုံးနှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲကို နှစ်ရက်ကြာ ပြုလုပ်မည်ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲအပြီးတွင် ချင်းပြည်နယ်၊ တစ်ပြည်နယ်လုံးကို လွှမ်းခြုံနိုင်သည့် အာဟာရမြှင့်တင်ရေးကွန်ရက်ကို ဖွဲ့စည်းမည်ဖြစ်သည်။

ယင်းဆွေးနွေးပွဲ ပြုလုပ်နိုင်ရန် အတွက်လည်း အာဟာရမြှင့်တင်ရေး အရပ်ဘက် လူမှုအဖွဲ့အစည်းကွန်ရက် တာဝန်ရှိသူများနှင့် ချင်းပြည်နယ်၊ အစိုးရအဖွဲ့တို့သည် မေလ၂ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပြီးဖြစ်ကြောင်း အဆိုပါအဖွဲ့မှ သိရသည်။

“ဒီကွန်ရက်ကလေးဖြစ်လာခဲ့ရင် အဲဒီအဖွဲ့လေးကနေ အစိုးရနဲ့ပူးပေါင်းဆောင်ရွက်ပြီး အာဟာရမြှင့်တင်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ကြမယ်။ ဒီလိုကွန်ရက်ကိုတော့ ဧရာဝတီမှာတော့ ဖွဲ့ထားပြီးပြီ။ ရခိုင်မှာလည်း စတော့မယ်”ဟု ဥက္ကဋ္ဌ (၁) ဦးအောင်မြတ်ကျော်က ပြောဆိုသည်။

မြန်မာနိုင်ငံတွင် အမျိုးသားအာဟာရ ဖွံ့ဖြိုးမှုစီမံကိန်းကို တိုင်းနှင့်ပြည်နယ် ၇ ခုတွင်ဆောင်ရွက်ရန် အစိုးရက စီမံကိန်းရေးဆွဲရန် ဆောင်ရွက်လျက်ရှိရာ အဆိုပါ တိုင်းနှင့် ပြည်နယ် ၇ ခုတွင် ချင်းပြည်နယ်မှာလည်း တစ်ခု အပါအဝင်ဖြစ်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ထုတ်ပြန်ခဲ့သည့် စစ်တမ်းအရ ချင်းပြည်နယ်သည် တစ်နိုင်ငံလုံးတွင် ရေရှည် အာဟာရချို့တဲ့မှု အမြင့်ဆုံးဖြစ်ခဲ့သည်။

ရေရှည်အာဟာရဖွံ့ဖြိုးမှု ရှိ မရှိ စံနှုန်းကို ကောက်ယူရာတွင် အသက်အရွယ်တွင် ရှိသင့်သည့် အရပ်အမောင်းကို တိုင်းတာခြင်းဖြစ်ပြီး ယင်းသို့တိုင်းတာပြီး အသက် ၆ လ မှ ၅၉ လအထိကြား ကလေးများကို ကောက်ယူခဲ့သည့် စစ်တမ်းအရ ချင်းပြည်နယ်သည် တစ်နိုင်ငံလုံးတွင် အမြင့်ဆုံး အာဟာရချို့တဲ့သည့်ဒဏ်ကို ရင်ဆိုင်နေရသည့် ပြည်နယ်တစ်ခုဖြစ်ကြောင်း စစ်တမ်းတွင်ဖော်ပြထားသည်။

ယင်းစစ်တမ်းအရ ချင်းပြည်နယ်တွင် ကလေးဦးရေ အယောက်တစ်ရာလျှင် ၄၀ ဦးသည် ရေရှည်အာဟာရဖွံ့ဖြိုးမှုချို့တဲ့သည့် ဒဏ်ကို ရင်ဆိုင်နေရသည်။

R-20