POST TYPE
EDITOR PICK POST
ဂျပန်ဧကရာဇ် အကီဟီတို သမိုင်းဝင် ထီးနန်းစွန့်လွှတ်
01-May-2019

တိုကျို၊ ဧပြီ ၃၀
ဂျပန်ဧကရာဇ် အကီဟီတိုသည် ကြာသပတေးနေ့တွင် ထီးနန်းစွန့်လွှတ်မည်ဖြစ်ရာ ဂျပန်သမိုင်းတွင် နှစ်ပေါင်း ၂၀၀ အတွင်း ပထမဆုံးနန်းစွန့်ဘုရင် ဖြစ်လာမည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
ထီးနန်းစွန့်ပွဲကို ဧကရာဇ်နန်းတော်အတွင်း ထုံးတမ်းစဉ်လာ အခမ်းအနားများဖြင့် စတင်ကျင်းပလျက်ရှိသည်။
အကီဟီတိုသည် အသက်အရွယ်နှင့် ကျန်းမာရေးချို့ယွင်းမှုများကြောင့် ဘုရင့်ဝတ္တရားများကို မထမ်းရွက်နိုင်တော့ဟု ပြောကြားခဲ့ပြီးနောက် ထီးနန်းစွန့်ရန် တရားဝင်ခွင့်ပြုချက် ရရှိခဲ့သည်။
ဂျပန်ထီးနန်းကို သားကြီးဖြစ်သူ အိမ်ရှေ့စံ နာရူဟီတိုက ဆက်ခံမည်ဖြစ်သည်။ ဂျပန်နိုင်ငံ၏ ဧကရာဇ်သည် နိုင်ငံရေးအာဏာ ရယူခြင်းမရှိဘဲ တိုင်းပြည်၏ အဆောင်အယောင်အဖြစ် ထမ်းရွက်ရခြင်းဖြစ်သည်။
အကီဟီတို၏ နန်းသက်ကာလအတွင်း ရောဂါဘယနှင့် သဘာဝဘေးအန္တရာယ် ကြုံတွေ့နေရသော ပြည်သူများအား ကြားဝင်ကူညီပေးမှုများကို အထူးသဖြင့် တွေ့ရှိရသည်။
နန်းတော်တွင်းပြုလုပ်သည့် သီးသန့်အခမ်းအနားများတွင် ကွယ်လွန်သူ ဂျပန်နန်းဆက် ဘိုးဘေးဘီဘင်များအား အကီဟီတိုက ထီးနန်းစွန့်ကြောင်းကို ဦးစွာ အသိပေးပြောကြားရသည်။
နန်းစွန့်ပွဲ၏ အဓိက အခမ်းအနားမှာ ဧကရာဇ်အကီဟီတိုနှင့် မိဖုရားကြီး မီချီကိုတို့က မတ်ဆူနိုမာနန်းဆောင်တွင် နောက်ဆုံးမိန့်ခွန်းပြောကြားကာ ထီးနန်းစွန့်ကြောင်း ကြေညာသည့် အစီအစဉ်ဖြစ်ပြီး ပရိသတ် ၃၃၀ ခန့် တက်ရောက်မည်ဖြစ်သည်။ အကီဟီတိုသည် အင်္ဂါနေ့ည သန်းခေါင်ယံအထိ ဧကရာဇ်အဖြစ် အကျုံးဝင်မည်ဖြစ်သည်။
ဗုဒ္ဓဟူးနေ့နံနက်တွင်မူ မင်းသား နာရူဟီတိုက ဧကရာဇ်အဖြစ် ထီးနန်းကို ဆက်ခံမည်ဖြစ်သည်။
အသက် ၈၅ နှစ်အရွယ် အကီဟီတိုသည် ကျန်းမာရေးချို့ယွင်းလာမှုကြောင့် ၂၀၁၆ ခုနှစ်ကတည်းက ထီးနန်းစွန့်လိုကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ လူထုကလည်း သက်ကြီးရွယ်အို ဘုရင်ကြီးအပေါ် ကရုဏာသက်ခဲ့ကြပြီး နောက်တစ်နှစ်အကြာတွင် လွှတ်တော်က ထီးနန်းစွန့်နိုင်မည့် ဥပဒေကိုပြဋ္ဌာန်းပေးခဲ့သည်။
အိမ်ရှေ့စံ နာရူဟီတို နန်းတက်သည့်အခါတွင် ဂျပန်နိုင်ငံသည် ဟီဆိုင်းခေတ် ပြီးဆုံးကာ ရီဝခေတ်သို့ ကူးပြောင်းသွားမည်ဟု သိရှိရသည်။ နာရူဟီတို ၅၉ နှစ်သည် အောက်စဖို့ဒ်ကျောင်းဆင်းဖြစ်ပြီး အသက် ၂၈ နှစ်တွင် အိမ်ရှေ့စံဖြစ်လာခဲ့သူဖြစ်သည်။ နာရူဟီတိုသည် မင်းသမီးမာဆာကိုနှင့် ၁၉၉၃ တွင် လက်ထပ်ခဲ့ပြီး တစ်ဦးတည်း သောသမီးဖြစ်သူ မင်းသမီး အိုက်ကိုအား ၂၀၀၁ တွင် မွေးဖွားခဲ့သည်။
မင်းသမီးအိုက်ကိုသည် မိန်းကလေးဖြစ်သောကြောင့် ထီးနန်းဆက်ခံခွင့်မရှိဘဲ သူမ၏ဦးလေး ဖူမီဟီတိုနှင့် တစ်ဝမ်းကွဲ မောင်လေး ဟီဆာဟီတို ၁၂ နှစ်တို့က ထီးနန်းဆက်ခံမည့်သူ စာရင်းတွင် တန်းစီထားကြသည်။
ဂျပန်ထီးနန်းသည် ဘီစီ ၆၀၀ ခန့်ကတည်းက စတင်ခဲ့ပြီး ကမ္ဘာတွင် သက်တမ်းအရင့်ဆုံး နန်းဆက်တစ်ခုဖြစ်သည်ဟု သမိုင်းမှတ်တမ်းများက ဖော်ပြကြသည်။
F-04
- SOURCES
- The Voice
-
26-Jan-2021
-
25-Jan-2021
-
25-Jan-2021
-
25-Jan-2021
-
25-Jan-2021
-
25-Jan-2021