News

POST TYPE

EDITOR PICK POST

မြန်မာ့နိုင်ငံရေး ဗဟုပါတီစနစ်ဆီ ဦးတည်နေသလား
25-Apr-2019
တရုတ်၊ ဗီယက်နမ်၊ ကျူးဘားတို့လို ကွန်မြူနစ်ဆိုရှယ်လစ် အမည်ခံနိုင်ငံတွေမှာ ပါတီတစ်ပါတီတည်းကပဲ အစိုးရတာဝန်ယူပြီး အုပ်ချုပ်တဲ့အတွက် တစ်ပါတီ အာဏာရှင်စနစ်လို့ ခေါ်ကြပါတယ်။

ဒီမိုကရေစီနိုင်ငံတွေမှာတော့ ပါတီတွေ တစ်ခုထက်မက ဖွဲ့စည်းခွင့် ပေးထားတဲ့အတွက် ပါတီစုံဒီမိုကရေစီစနစ်လို့ ခေါ်ကြပါတယ်။

ဒီမိုကရေစီနိုင်ငံတွေဟာ ပါတီစုံဆိုပေမယ့် အင်အားကြီးပါတီကြီး နှစ်ခုကပဲ အာဏာကို သူတစ်ပြန် ကိုယ်တစ်ပြန် ရရှိနေကြတဲ့နိုင်ငံတွေ အတော်များများ ရှိကြပါတယ်။ ဒီလိုအင်အားကြီးပါတီ နှစ်ခုပဲရှိတဲ့ ဒီမိုကရေစီစနစ်ကို နှစ်ပါတီစနစ် (Two-Party System) လို့ ခေါ်ပါတယ်။ ဥပမာပြောရရင် ဗြိတိန်မှာ လေဘာပါတီနဲ့ ကွန်ဆာဗေးတစ်ပါတီ၊ အမေရိကန်မှာဆိုရင် ဒီမိုကရက်ပါတီနဲ့ ရီပတ်ဘလီကန်ပါတီတို့ပဲ ဖြစ်ပါတယ်။

ဗြိတိန်နဲ့ အမေရိကန်တို့မှာ ပါတီတွေ နှစ်ခုထက်မက ရှိကြပေမယ့် ပါတီကြီးနှစ်ခုကို ယှဉ်ပြိုင်နိုင်တဲ့ ပါတီမရှိကြပါဘူး။ တတိယမြောက် အင်အား အကောင်းဆုံးပါတီလို့တောင်မရှိဘဲ ရွေးကောက်ပွဲမှာ ပါတီနှစ်ခုကပဲ သူတစ်ပြန် ကိုယ်တစ်ပြန် အနိုင်ရနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း NLD ဝင်မပြိုင်တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အပြတ်အသတ် အနိုင်ရပြီး အစိုးရဖွဲ့နိုင်ခဲ့သလို ၂၀၁၅ ရွေးကောက်ပွဲမှာလည်း NLD က အပြတ်အသတ် အနိုင်ရပြီး အစိုးရဖွဲ့နိုင်ခဲ့ပါတယ်။ အင်အား အတော်အသင့်ကောင်းတဲ့ တိုင်းရင်းသားပါတီတွေ ရှိပေမယ့်လည်း ပြည်ထောင်စုအဆင့်မှာ အင်အားကြီးပါတီဆိုလို့ ဒီနှစ်ပါတီပဲရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရေးဟာ နှစ်ပါတီဒီမိုကရေစီပုံစံ ဖြစ်လာမလားလို့ စာရေးသူ တွေးခဲ့ဖူးပါတယ်။

ဒါပေမဲ့ အခုနောက်ပိုင်းမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေရဲ့ပါတီ ပေါ်ထွက်လာသလို တပ်မတော်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထိပ်တန်းခေါင်းဆောင်ဟောင်း သူရဦးရွှေမန်းရဲ့ ပါတီတို့လည်း ပေါ်ပေါက်လာပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD လွှတ်တော် အမတ်ဟောင်းတွေကလည်း ပါတီထောင်ဖို့ ပြင်ဆင်လာကြပါတယ်။ ဒီပါတီတွေရဲ့ခြေစွမ်းကို မသိရသေးပေမယ့် NLD နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ကို ယှဉ်ပြိုင်နိုင်လောက်တဲ့ အလားအလာရှိတဲ့ ပါတီတွေလို့တော့ ယူဆရပါတယ်။ ဒါကြောင့် မြန်မာ့နိုင်ငံရေးဟာ နှစ်ပါတီစနစ်ကနေ ဗဟုပါတီစနစ်ဆီ ဦးတည်နေသလားဆိုပြီး ဆောင်းပါးခေါင်းစဉ်မှာ မေးခွန်း ထုတ်လိုက်ရတာ ဖြစ်ပါတယ်။

ဗဟုပါတီစနစ်ရဲ့ အားသာချက်၊ အားနည်းချက်များ

ဗဟုပါတီစနစ် (Multi-Party System) ရဲ့ အားသာချက်ကတော့ မဲဆန္ဒရှင်တွေအတွက် ပါတီနှစ်ပါတီအပြင် နောက်ထပ် ရွေးချယ်စရာပါတီ ရှိနေတာပဲ ဖြစ်ပါတယ်။ ပါတီကြီး နှစ်ပါတီစလုံးက ကောင်းကောင်းမွန်မွန် မစွမ်းဆောင်နိုင်တဲ့အခါမျိုးမှာ တတိယပါတီရှိနေဖို့ အရေးကြီးပါတယ်။

ဗဟုပါတီစနစ်ရဲ့ အားနည်းချက်ကတော့ ဘယ်ပါတီကမှ အပြတ်အသတ်အနိုင်မရဘဲ ညွန့်ပေါင်းအစိုးရတွေ ဖွဲ့စည်းရတတ်တာ ဖြစ်ပါတယ်။ ညွန့်ပေါင်း အစိုးရဆိုတာဟာ မူဝါဒတစ်ခုကို ပြတ်ပြတ်သားသား မကျင့်သုံးနိုင်ဘဲ အပေးအယူ အလျှော့အတင်းတွေနဲ့ လုပ်ဆောင်ရတာပါ။ ဒါ့အပြင် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ရေးပါတီတွေ ဆွေးနွေးညှိနှိုင်းရမှုဟာ လနဲ့ချီပြီးတော့လည်း ကြာသွားနိုင်ပါတယ်။ ညွန့်ပေါင်းအစိုးရမဖွဲ့နိုင်လို့ ရွေးကောက်ပွဲ ထပ်ပြီးကျင်းပ၊ အဲဒီရွေးကောက်ပွဲကလည်း ရလဒ်မပြတ်သားလို့ အစိုးရမဖွဲ့နိုင်ဆိုပြီး လုံးလည်ချာလည် ရိုက်တာတွေလည်း ရှိပါတယ်။

ပြီးတော့ ညွန့်ပေါင်းအစိုးရ ဖွဲ့ပြီးခါမှ ပါဝင်တဲ့ပါတီတွေ သဘောထား မတိုက်ဆိုင်ဘဲ အစိုးရအဖွဲ့ ပြိုကွဲရတာတွေလည်း ကြုံရတတ်ပါတယ်။

လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်မှာ တပ်မတော်က အမတ်နေရာ ၂၅ ရာခိုင်နှုန်းရယူထားတဲ့အတွက် တစ်ပါတီတည်းက အစိုးရဖွဲ့နိုင်ဖို့ဆိုရင် အမတ်နေရာ ၅၀ ရာခိုင်နှုန်းကျော်နဲ့ မလုံလောက်ဘဲ ၆၆ ဒသမ ၇ ရာခိုင်နှုန်းထက်မနည်းရရှိဖို့ လိုအပ်နေပါတယ်။ ဒါကြောင့် NLD အနေနဲ့ လူထုထောက်ခံမှုကိုသာ ဆက်မထိန်းနိုင်ဘူးဆိုရင် ပါတီနှစ်ခု၊ သုံးခုပူးပေါင်းပြီး ညွန့်ပေါင်းအစိုးရဖွဲ့ရတာတွေ ဖြစ်လာနိုင်ပါတယ်။

တစ်ပါတီဒီမိုကရေစီစနစ်ကော ဖြစ်လာနိုင်သလား

ဒီမိုကရေစီနိုင်ငံတွေမှာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေမယ့် ပါတီတစ်ပါတီတည်းကပဲ အစဉ်အဆက် တောက်လျှောက် အနိုင်ရတာတွေလည်း ရှိပါတယ်။ ဥပမာပြောရရင် စင်ကာပူနဲ့ မလေးရှားပါ။ မလေးရှားမှာဆိုရင် ၁၉၆၃ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက ရွေးကောက်ပွဲတိုင်းမှာ အမျိုးသားတပ်ဦး BN ပါတီကပဲ တောက်လျှောက် အနိုင်ရခဲ့ပါတယ်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာမှ ဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမတ် ဦးဆောင်တဲ့ ပါတီညွန့်ပေါင်းစုက နာမည်ပျက်ထွက်နေတဲ့ သူ့အရင်ပါတီ BN က နာဂျစ်ရာဇက်ကို အနိုင်တိုက်ခဲ့လို့သာ အဲဒီတစ်ပါတီ စနစ် အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။

စင်ကာပူမှာဆိုရင်တော့ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယူးတည်ထောင်ခဲ့တဲ့ People's Action Party ပါတီကပဲ ၁၉၅၉ ခုနှစ်ကနေ ယနေ့အချိန်အထိ ဆက်တိုက် အနိုင်ရနေတာ ဖြစ်ပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လူထုထောက်ခံမှု သိပ်မရခဲ့တာ၊ ပါတီအသစ်တွေကလည်း အတွေ့အကြုံ မရှိသေးတာကြောင့် မြန်မာပြည်မှာ လာမယ့်ဆယ်စုနှစ် နှစ်ခု သုံးခုလောက်အထိ NLD ကပဲ တောက်လျှောက် အနိုင်ရပြီး တစ်ပါတီ ဒီမိုကရေစီစနစ် ဖြစ်လာနိုင်ခြေလည်း ရှိပါတယ်။

ဒါပေမဲ့ တစ်ပါတီစနစ်ဆိုတာဟာ အကျင့်ပျက်ခြစားတဲ့ အာဏာရှင်စနစ် အသွင်ကူးပြောင်းဖို့ အင်မတန် လွယ်ကူတာကြောင့် စိုးရိမ်စရာ ကောင်းလှပါတယ်။ ဒီနေရာမှာ မလေးရှားကိုပဲ ဥပမာ ထပ်ပေးရပါလိမ့်မယ်။

နိုင်သူအကုန်ယူစနစ်အရ ရေရှည်တွင် နှစ်ပါတီစနစ်သာ ဖြစ်လာနိုင်

အချိုးကျကိုယ်စားပြုစနစ် (Proportional Representation System) စနစ် အသုံးမပြုဘဲ နိုင်သူအကုန်ယူစနစ် (Winner Takes All System) အသုံးပြုတဲ့နိုင်ငံတွေကိုကြည့်ရင် ရေရှည်မှာ ပါတီကြီးနှစ်ခုပဲရှိလာတတ်တာ တွေ့ရပါတယ်လို့ ပညာရှင်တွေက ထောက်ပြကြပါတယ်။ မဲဆန္ဒနယ်တစ်ခုမှာ မဲအများဆုံး ရတဲ့ပါတီကပဲ လွှတ်တော်အမတ်နေရာရရှိပြီး ပါတီငယ်တွေဟာ အမတ်နေရာ တစ်နေရာ အနိုင်ရဖို့တောင် ခက်ခဲတဲ့အတွက် ဒီလိုဖြစ်ရတာပါ။ တကယ်တော့ ဒီမိုကရေစီရွေးကောက်ပွဲတစ်ခုမှာ အနိုင်ရဖို့ဆိုတာဟာ ပါတီတွေရဲ့ မဲဆွယ်ရေးရန်ပုံငွေ သုံးစွဲနိုင်မှု ပမာဏနဲ့လည်း သက်ဆိုင်နေပါတယ်။ ဒါကြောင့် နိုင်သူ အကုန်ယူစနစ်မှာ နှစ်ပါတီစနစ်ကိုပဲ အတွေ့ရများတာ ဖြစ်တယ်လို့ ဆိုကြပါတယ်။

ဒီတော့ NLD ပါတီဟာ ဒေါ်အောင်ဆန်းစုကြည် မရှိတော့ရင် အတော်အားလျော့သွားမှာဖြစ်တဲ့အတွက် တစ်ပါတီစနစ် ဖြစ်မလာနိုင်ဘဲ ရေရှည်မှာ နှစ်ပါတီစနစ်၊ ပါတီစုံစနစ်တွေ ဖြစ်လာနိုင်ပါတယ်။ နှစ်ပါတီစနစ်ဆိုရင် နှစ်ပါတီစလုံးက စွမ်းဆောင်ရည် ဒေါင်ဒေါင်မြည်နေဖို့လိုသလို ဗဟုပါတီစနစ်ဆိုရင်လည်း နိုင်ငံရေးသမားတွေ အမျိုးသား အကျိုးစီးပွားအတွက် သဘောထားကြီး ပူးပေါင်းဆောင်ရွက်နိုင်ကြဖို့ လိုအပ်ပါလိမ့်မယ်။

မိုးအေး