News

POST TYPE

EDITOR PICK POST

မင်္ဂလာဒုံတရားရုံးတွင် ဒေါ်နန္ဒမာလာ အတက်ရောဂါဖြစ်ပေါ်သည့်အတွက် စစ်ဆေးမှုရပ်နားခဲ့ရ
18-Feb-2019

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

ငွေကြေးလိမ်လည်မှု ပုဒ်မ ၄၂၀ ဖြင့် တရားစွဲဆိုခံထားရသော ဒေါ်နန္ဒမာလာ၏အမှုကို ဖေဖော်ဝါရီလ ၁၈ ရက် နေ့က မင်္ဂလာဒုံမြို့နယ်ရုံးချိန်း၌ စစ်ဆေးနေစဉ် ဒေါ်နန္ဒမာလာအနေနှင့် အတက်ရောဂါဖြစ်ပေါ်ခဲ့သည့်အတွက် စစ်ဆေးနေမှုကို ရပ်နားထားခဲ့ရကြောင်း တရားလိုဖြစ်သူ ဒေါ်သန္တာဦးက ပြောကြားသည်။

“ဒီနေ့ တရားလိုဖြစ်တဲ့ကျွန်မကို စစစ်တယ်။ ကျွန်မကို ဦးပိုင်နဲ့ဆက်စပ်ပြီးတော့ လိမ်သွားတယ်ပေါ့နော်။ ဘယ်လိုလိမ်လဲဆိုတာ စပြောတာပဲရှိသေးတယ်။ အဖွားကြီးကတက်သွားလို့ ရုံးချိန်းနားလိုက်ရတယ်။ ရုံးချိန်းတိုင်းမှာတက်နေရင် ဘယ်လိုလုပ်ရမလဲ”ဟု ၎င်းကပြောဆိုသည်။

ထို့ကြောင့် ငွေကြေးလိမ်လည်မှု ပုဒ်မ ၄၂၀ ဖြင့် တရားစွဲဆိုထားသည့်ရုံးချိန်းကို မတ်လ ၄ ရက်သို့ ပြန်လည်ချိန်းဆိုလိုက်ကြောင်း တရားလိုရှေ့နေဖြစ်သူ ဒေါ်စိုးစိုးနွဲ့က ပြောကြားသည်။

ငွေကြေးလိမ်လည်မှုဖြင့် တရားစွဲဆိုခံထားရသည့် ဒေါ်နန္ဒမာလာ အပါအ၀င် ၎င်း၏ခင်ပွန်းဟောင်း ဦးနေ၀င်းနိုင်နှင့် မန်နေဂျာ ကိုစွမ်းဆောင်တို့ကိုလည်း ဒေါ်သန္တာဦးက သာသနာ ညှိုးနွမ်းစေမှု ရာဇသတ်ကြီးပုဒ်မ ၂၉၅-က ဖြင့် ထပ်မံ တရားစွဲဆိုလိုက်ခြင်းကြောင့် ယင်းအမှုတွဲကို ဖေဖော်ဝါရီလ ၂၂ ရက်တွင် ပထမဆုံးအကြိမ် စတင်စစ်ဆေးမည်ဖြစ်သည်။

ဒေါ်နန္ဒာမာလာသည် လှိုင်မြို့နယ်တရားရုံးတွင်လည်း အတက်ရောဂါကြောင့် လဲကျခဲ့သည့်အတွက် စစ်ဆေးမှု ရပ်နားခဲ့ရဖူးသည်။

ငွေကြေးလိမ်လည်မှုဖြင့် တရားစွဲထားခံထားရသည့် ဒေါ်နန္ဒမာလာကို မင်္ဂလာဒုံမြို့နယ်တရားရုံးနှင့် လှိုင်မြို့နယ် တရားရုံး နှစ်ခုစလုံးမှ ကျပ်သိန်းတစ်သောင်းဖြင့် အာမခံခွင့်ပြုထားသော်လည်း အာမခံတင်ပြနိုင်ခြင်းမရှိသောကြောင့် အင်းစိန်ထောင်ချုပ်မှ အချုပ်ကားဖြင့် လာရောက် အမှုရင်ဆိုင်နေရသူဖြစ်သည်။

J-17