News

POST TYPE

EDITOR PICK POST

ဟိုတယ်၊ တည်းခိုခန်းအချို့ လက်ဆောင်နှင့် ကံစမ်းမဲပေးမည်ဆိုကာ စုံတွဲများကိုဆွဲဆောင်
13-Feb-2019

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

ရန်ကုန်မြို့တော်ရှိ ဟိုတည်နှင့် တည်းခိုခန်းအချို့သည် ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့ အထိမ်းအမှတ်အဖြစ် လာရောက်တည်းခိုသည့်စုံတွဲများကို လက်ဆောင်နှင့် ကံစမ်းမဲဖောက်ပေးမည်ဟုဆိုကာ ဆွဲဆောင်နေကြောင်း ဟိုတယ်နှင့် တည်းခိုခန်းများထံမှ စုံစမ်းသိရှိရသည်။

ချစ်သူများနေ့အတွက် ကြိုတင်အခန်းငှားရမ်းမှု များနေသောကြောင့် ယခုကဲ့သို့လုပ်ဆောင်ရခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောဆိုသည်။

ထိုသို့ အခန်းကြိုတင်ငှားရမ်းမှု များလာသည့်အတွက် ဟိုတယ်၊ မိုတယ်၊ အအေးခန်း ဧည့်ရိပ်သာများ၏ အခန်းငှားခ ဈေးနှုန်းများမှာလည်း ယခင်ကထက် ကျပ်သုံးထောင်မှ တစ်သောင်းဝန်းကျင်အထိ မြင့်တက်သွားသည်ဟု ကြိုတင် အခန်းငှားရမ်းထားသူအချို့ထံမှ သိရသည်။

“ချစ်သူများနေ့ဆို အခန်းကြိုငှားတဲ့သူတွေနဲ့ပြည့်တယ်။ ဒီနှစ်တော့ ချစ်သူများနေ့အတွက် အခန်းကြိုငှားရင် အရုပ်နဲ့ လက်ဆောင်တွေရမယ့် ကံစမ်းမဲဖောက်ပေးမယ်။ စုံတွဲတွေသာမက မိသားစုနဲ့လာတည်းလည်း မဲဖောက်ပေးမှာပါ”ဟု သင်္ယန်းကျွန်းမြို့နယ်ရှိ ဟိုတယ်တစ်ခုမှ မန်နေဂျာက ပြောဆိုသည်။

ချစ်သူများနေ့ရောက်တိုင်း မြို့တွင်းမြို့နယ်နှင့် ဆင်ခြေဖုံးမြို့နယ်များသာမက မြို့ပြင်မြို့နယ်များရှိ ဟိုတယ်၊ မိုတယ်နှင့် အအေးခန်း ဧည့်ရိပ်သာများတွင်လည်း တည်းခိုသူများသောကြောင့် အဆိုပါနေ့တွင် အခန်းများကို ၃ နာရီတစ်ဆက်ရှင်ဖြင့် အချိန်ပိုင်းသာ ငှားရမ်းလျက်ရှိကြောင်း ယင်းဟိုတယ်၊ မိုတယ်များထံမှ သိရသည်။

“အဲဒီလိုရက်မျိုးတွေက နှစ်စဉ် လူများနေကြပါ။ ဒီနှစ် ချစ်သူများနေ့က ကြားရက်ဖြစ်တယ်။ ဆိုတော့ ဘိုကင် ကြိုမပေးဘူး။ ချစ်သူများနေ့မှာ အရင်ရောက်တဲ့သူကို အခန်းငှားတယ်။ ဒေး သို့ အချိန်ပိုင်းနဲ့ ငှားတယ်”ဟု မြောက်ဥက္ကလာပမြို့နယ်ရှိ တည်းခိုခန်းတစ်ခုမှ မန်နေဂျာက ပြောဆိုသည်။

ရန်ကုန်မြို့ရှိ ဟိုတယ်အခန်းခ ဈေးနှုန်းများမှာ ချစ်သူများနေ့တွင် တစ်နေ့တာအတွက် ကျပ်နှစ်သောင်းကျပ်မှ လေးသောင်းအထိရှိနေပြီး မိုတယ်ဈေးနှုန်းများမှာလည်း ကျပ်တစ်သောင်းမှ နှစ်သောင်းခွဲအထိ ဈေးရှိကာ အအေးခန်း ဧည့်ရိပ်သာနှင့် တည်းခိုခန်း အခန်းခဈေးနှုန်းများမှာ ကျပ်ရှစ်ထောင်မှ တစ်သောင်းခွဲအထိရှိကြောင်း စုံစမ်းသိရှိရသည်။

“လူငယ်စုံတွဲတွေက ချစ်သူများနေ့ဆို ဟိုတယ်၊ တည်းခိုခန်းကို အများဆုံး လိုက်ပို့ခိုင်းတယ်။ အဲဒီနေ့ဆို အခန်းကို အချိန်ပိုင်းနဲ့ ငှားကြတာများတယ်။ လူငယ်စုံတွဲတွေ လမ်းမှားမရောက်ဖို့ မိဘတွေအနေနဲ့ ထိန်းသိမ်းသင့်တယ်”ဟု သာကေတမြို့နယ်က အငှားယာဉ်မောင်း ဦးသန်းနိုင်က ပြောဆိုသည်။

လူငယ်စုံတွဲများနှင့် သက်လတ်ပိုင်းစုံတွဲများမှာ ချစ်သူများနေ့တွင် ရန်ကုန်မြို့ရှိ ဟိုတယ်၊ တည်းခိုခန်းများသို့ တစ်နေ့တာ သွားရောက် တည်းခိုနေသူများရှိသကဲ့သို့ ဘုရားစေတီများ၊ ရှော့ပင်းစင်တာများ၊ ပန်းခြံများ၊ ကစားကွင်းများသို့ သွားရောက် လည်ပတ်သည့် ချစ်သူစုံတွဲများလည်း ရှိနေကြောင်း အငှားယာဉ်မောင်းများထံမှ သိရသည်။

J-10,J-14