News

POST TYPE

EDITOR PICK POST

ထရမ့်နှင့် ကင်ဂျုံအန်းဒုတိယအကြိမ်ဆွေးနွေးပွဲ ဟနွိုင်းတွင် ပြုလုပ်မည်
09-Feb-2019

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၉

အမေရိကန်ပြည်ထောင်စုမှ သံတမန်ကြီးများနှင့် မြောက်ကိုရီးယားအစိုးရ အရာရှိကြီးများသည် လွန်စွာအကျိုးရှိသည့် ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပနိုင်ခဲ့ကြောင်း သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောကြားပြီး ၎င်းနှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းတို့၏ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲသည် ဗီယက်နမ်နိုင်ငံ၏ မြို့တော် ဟနွိုင်းတွင် ကျင်းပဖြစ်မည်ဖြစ်သည်ဟု အသိပေးလိုက်ကြောင်း AP သတင်းဌာနက ရေးသားဖော်ပြသည်။

“ကျွန်တော်တို့ရဲ့ အထူးသံတမန်တွေဟာ ပြုံယမ်းက အစိုးရအရာရှိကြီးတွေနဲ့ အင်မတန်အကျိုးရှိတဲ့ ဆွေးနွေးပွဲပြုလုပ်နိုင်ခဲ့ပြီးနောက် မြောက်ကိုရီးယားနိုင်ငံ ကနေ ပြန်လည်ထွက်ခွာလာခဲ့ပြီ ဖြစ်ပါ တယ်။ ကျွန်တော်တို့ရဲ့ ဆွေးနွေးပွဲကတော့ ဟနွိုင်းမှာ လုပ်ဖြစ်လိမ့်မယ်။ ဖေဖော်ဝါရီလ ၂၇ ရက်နဲ့ ၂၈ ရက်၊ နှစ်ရက်ပေါ့”ဟု ထရမ့်က ၎င်း၏ Twitter စာမျက်နှာတွင် ရေးသားဖော်ပြသည်။

“ဥက္ကဋ္ဌကင်ဂျုံအန်းနဲ့ တွေ့ဆုံဖို့လုပ်သွားမယ်၊ ငြိမ်းချမ်းရေးရဲ့ အကြောင်းတရားတွေ ပေါ်ပေါက်လာအောင်လုပ်မယ်”ဟု ထရမ့်က ပြောကြားသည်။

သမ္မတထရမ့်သည် ယခုသီတင်းပတ် အစောပိုင်းက ကင်ဂျုံအန်းနှင့် ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ ကျင်းပပြုလုပ်မည့်နိုင်ငံမှာ ဗီယက်နမ်ဖြစ်ကြောင်း ကြေညာခဲ့သည်။ သို့သော် ဗီယက်နမ်နိုင်ငံ၏ မည်သည့်မြို့တွင် ကျင်းပပြုလုပ်မည်ဆိုသောအချက်ကို မဖော်ပြခဲ့ပေ။ 

မြောက်ကိုရီးယားဆိုင်ရာ အမေရိကန် အထူးသံတမန်ဖြစ်သူ စတီဗင်ဘီဂန်သည် မြောက်ကိုရီးယားနိုင်ငံ မြို့တော် ပြုံယမ်းတွင် ကွန်မြူနစ်အရာရှိကြီးများနှင့် ဆွေးနွေးပွဲ သုံးရက်တိတိ ပြုလုပ်ကာဗီယက် နမ်ထိပ်သီးဆွေးနွေးပွဲအတွက် ဆွေးနွေးခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဘီဂန်သည် ၎င်းနှင့် ရာထူးအဆင့် တူသော ကင်ဟောင်ချွားနှင့် ထပ်မံတွေ့ဆုံရန်လည်း စီစဉ်ထားသည်ဟုဆိုသည်။

မစ္စတာဘီဂန်နှင့် ကင်ဟောင်ချွား ဦးဆောင်သော ကိုယ်စားလှယ်များသည် ပြီးခဲ့သည့် ဗုဒ္ဓဟူးမှ သောကြာနေ့အထိ ပြုံယမ်းတွင်ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးရာတွင် ပြီးပြည့်စုံသော နျူကလီးယား လက်နက်ဖြုတ်သိမ်းရေး လုပ်ဆောင်ပေးမည်ဟု စင်ကာပူထိပ်သီးဆွေးနွေးပွဲတွင် ကင်ဂျုံအန်းပြောဆိုခဲ့သည့် ကတိကဝတ်များ အကောင်အထည်ဖော်ရေး၊ အမေရိကန်ပြည်ထောင်စုနှင့် မြောက်ကိုရီးယားအကြား ထာဝရတည်တံ့မည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလည်းပါဝင်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

F-01