News

POST TYPE

EDITOR PICK POST

တရားသူကြီး အပြောင်းအလဲကြောင့် သရုပ်ဆောင် ဝေဠုကျော်အမှု ယနေ့ မစစ်ဖြစ်
05-Feb-2019


ရန်ကုန်၊ ဖေဖော်ဝါရီ ၅

အလှမယ်သင်းသင်းမှ ကာမလိမ်လည်ရယူမှုဖြင့် တရားစွဲဆိုခံရသူ သရုပ်ဆောင် ဝေဠုကျော်မှ ဖေဖော်ဝါရီလ ၅ ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ် တရားရုံးသို့ လာရောက်ခဲ့သော်လည်း ယင်းအမှုကို ကိုင်တွယ်စစ်ဆေးနေသည့် တရားသူကြီးမှာ နယ်သို့ ပြောင်းရွှေ့ရမည်ဖြစ်သောကြောင့် အမှုအား မစစ်ဆေးဖြစ်ခဲ့ကြောင်း တရားရုံးထံမှ သိရသည်။

ရာဇသတ်ကြီးပုဒ်မ ၄၁၇ ဖြင့် တရားစွဲဆိုခံရသူ ဝေဠုကျော်မှာ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ် တရားရုံးတွင် ကျပ်သိန်း ၅၀ ဖြင့် အာမခံရရှိခဲ့ပြီးနောက် ယနေ့ ရုံးချိန်းတွင် ၎င်းကိုစစ်ဆေးရန် ရုံးတော်က ရုံးချိန်းသတ်မှတ်ပေးထားသော်လည်း အမှုစစ် တရားသူကြီးမှာ အပြောင်းအရွှေ့ ဖြစ်ခဲ့သောကြောင့် လာမည့်ဖေဖော်ဝါရီလ ၁၉ ရက်နေ့သို့ ရုံးချိန်း ပြန်လည်ချိန်းဆိုခဲ့သည်။

အလှမယ်သင်းသင်းမှာ ဝေဠုကျော်၏ချစ်သူဟောင်းဖြစ်ပြီး ယခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့က သင်းသင်းမှ ဝေဠုကျော်အား သင်္ဃန်းကျွန်းမြို့နယ် တရားရုံးတွင် ရာဇသတ်ကြီး ပုဒ်မ ၄၁၇ ဖြင့် တရားစွဲဆိုခဲ့ပြီးနောက် ၎င်းမှာ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဝေဖန်မှုများကို ရင်ဆိုင်နေရကြောင်း မီဒီယာများကို ပြောကြားခဲ့ပြီး တရားစွဲဆိုခံရသူ ဝေဠုကျော်မှလည်း အမှန်တရား ပေါ်ပေါက်အောင် ဥပဒေအရ ဆက်လက်ရင်ဆိုင် ဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

S-03