News

POST TYPE

EDITOR PICK POST

ဘားအံတွင် လမ်းလျှောက်နေသူနှစ်ဦးကို ကားဝင်တိုက်၍ သေဆုံး
14-Jan-2019
ဘားအံ၊ ဇန်နဝါရီ ၁၄

ဘားအံမြို့နယ် သံလွင်မြစ် အနောက်ဘက်ကမ်း မြိုင်ကလေးလမ်းဆုံရှိ တံတားအမှတ် - ၉၂/၂၃ တွင် ဇန်နဝါရီ ၁၃ ရက် နံနက် ၄ နာရီခွဲခန့်က လမ်းလျှောက်နေသူနှစ်ဦးကို ကားဝင်တိုက်သဖြင့် နှစ်ဦးစလုံး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဘားအံမြို့မရဲစခန်းထံမှ သိရသည်။

၎င်းတို့ကို ကားဝင်တိုက်ပြီးနောက် ကားမှာ တံတားပေါ်မှ ရေမြောင်းထဲသို့ ထိုးကျသွားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

“ဆိုင်ဖွင့်ပွဲမှာ တရားနာဖို့ ဘုန်းကြီးသွားပင့်တယ်။ သိပ်လည်း မဝေးတော့ နှစ်ယောက်လုံးလမ်းလျှောက်ပြီး သွားကြတယ်။ အပြန်မှာ အနောက်ကနေ အရှိန်မထိန်းတဲ့ကားက ဝင်တိုက်သွားတာ။ ပြီးတော့ ကားလည်း ပက်လက်လန်သွားတယ်”ဟု မျက်မြင်တွေ့ရှိသူ အသက် (၄၀) အရွယ်အမျိုးသားတစ်ဦးက ပြောဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရန်ကုန်မြို့၊ လသာမြို့နယ်နေ ယာဉ်မောင်း အောင်ကျော်စိုး (၄၁ နှစ်)ကို ရာဇသတ်ကြီးပုဒ်မ - ၃၀၄ (က)ဖြင့် ဖမ်းဆီးအမှုဖွင့်အရေးယူထားကြောင်း ဘားအံမြို့မရဲစခန်းထံမှ သိရသည်။

R-17