News

POST TYPE

EDITOR PICK POST

အမှတ် ၃ လမ်းတွင် မီနီဘတ်စ်ယာဉ်တစ်စီးမှ သီလရှင်သုံးပါးကို ဝင်တိုက်
27-Dec-2018

ရန်ကုန်၊ ဒီဇင်ဘာ ၂၆ 

မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလပေါင် မှတ်တိုင်အရှေ့ရှိ အမှတ် (၃) လမ်းတွင် ဒီဇင်ဘာလ ၂၅ ရက် နံနက် ၆ နာရီခန့်က မီနီဘတ်စ်ယာဉ်တစ်စီးက သီလရှင်သုံးပါးကိုဝင်တိုက်မိခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။

ယာဉ်မဆင်မခြင် မောင်းနှင်သူ အသက် ၅၂ နှစ် ဦးသောင်းထိုက် (ခ) စောသောင်းထိုက်မှာ DKBA မှ ဒုအရာခံဗိုလ်ဖြစ်ပြီး အခင်းဖြစ်နေ့က မီနီဘတ်စ်ယာဉ်ကို အမှတ် (၃) လမ်းအတိုင်း ထောက်ကြန့်ဘက်မှ အောင်မင်္ဂလာအဝေးပြေး ကားဝင်းဘက် မောင်းနှင်လာစဉ် ကုန်း တလပေါင်မှတ်တိုင်ရှေ့အရောက် ၉ နှစ်အရွယ် သီလရှင်သုံးပါးကို ဝင်တိုက်မိခြင်းဖြစ်သည်။

“သီလရှင်လေးတွေက လမ်းကူးတာ ယာဉ်ကြောမရှင်းလို့ လမ်းလယ်မှာရပ်နေချိန် မီနီဘတ်စ်ယာဉ်က ဝင်တိုက်မိတာ။ ယာဉ်တိုက်ခံရတဲ့ သီလရှင်သုံးပါးမှာ နှစ်ပါးက ဒဏ်ရာအတော်ပြင်းတာကြောင့် အသက်အန္တရာယ် စိုးရိမ်ရတယ်။ ယာဉ်မောင်းကိုလည်း ဖမ်းဆီးထားပါတယ်”ဟု ရဲအရာရှိက ရှင်းပြသည်။

ယာဉ်တိုက်ခံရသူ သီလရှင်သုံးပါးမှာ ကုန်းတလပေါင်ကျေးရွာရှိ သုခစာရီသီလရှင်စာသင်တိုက်မှဖြစ်ပြီး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် မြောက်ဥက္ကလာပဆေးရုံတွင် ဆေးကုသမှုခံယူနေရပြီး ယာဉ်မဆင်မခြင်မောင်းနှင်သူ ဦးသောင်းထိုက် (ခ)စောသောင်းထိုက်ကို ထောက်ကြန့်နယ်မြေရဲစခန်းက ယာဉ်(ပ) ၈၀/၁၈ ရာဇသတ်ကြီးပုဒ်မ ၃၃၈/ ၃၃၇/ ၂၇၉ ဖြင့် အမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။ 

S-03