News

POST TYPE

EDITOR PICK POST

၈ နှစ်အရွယ် မိန်းကလေးကို ရိုက်နှက်၊ မုဒိမ်းကျင့်ခဲ့သူကို အထူးအဖွဲ့ ဖွဲ့စည်းရှာဖွေ
16-Dec-2018
မန္တလေး၊ဒီဇင်ဘာ ၁၆

မန္တလေး ပြည်ကြီးတံခွန်မြို့နယ်မှ အသက် ၈ နှစ်အရွယ် ကလေးငယ်ကို ခိုးယူပြီး ရိုက်နှက်၊ မုဒိမ်းကျင့်ကာ ပြင်စာရွာအနီး တောစပ်တွင် ပစ်ထားခဲ့သူကို စုံစမ်းဖော်ထုတ်ရန် အထူးအဖွဲ့တစ်ခုဖွဲ့ပြီး ရှာဖွေနေကြောင်း ပြင်ဦးလွင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ညီညီက ပြောကြားသည်။

“အဲ့ဒီကိစ္စကို စုံစမ်းဖော်ထုတ်ဖို့အတွက် အထူးအဖွဲ့တစ်ခုဖွဲ့ပြီး ရှာဖွေနေပါတယ်။ တော်တော်လေးလည်း နီးစပ်ပါတယ်။ ကျွန်တော်တို့ အပူတပြင်းကို စုံစမ်းနေပါတယ်”ဟု ၎င်းက ဆိုသည်။

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (ဈ) ရပ်ကွက်တွင် နေထိုင်သည့် အသက် ၈ နှစ်အရွယ် မိန်းကလေးမှာ ဒီဇင်ဘာလ ၁၄ ရက်က ပျောက်ဆုံးသဖြင့် မိဘများက စက်မှုနယ်မြေရဲစခန်းတွင် လူပျောက်တိုင်ထားရာမှ ဒီဇင်ဘာလ ၁၅ ရက်တွင် ပြင်ဦးလွင်-မန္တလေး ကားလမ်းအနီး ပြင်စာရွာတောစပ်တစ်ခုတွင် ရိုက်နှက်ထားသည့် ဒဏ်ရာများ၊ သွေးများ၊ မုဒိမ်းအကျင့်ခံထားရသည့် အနေအထားများဖြင့် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကလေးငယ်သည် နေအိမ်က ထွက်သွားပြီး ပျောက်ဆုံးသွားရာ မိဘများ၏ တိုင်တန်းမှုကြောင့် ရဲတပ်ဖွဲ့ကစုံစမ်းရာတွင် ၄၇ လမ်း နှင့် ၄၈ လမ်းကြား၊ တပင်ရွှေထီးလမ်းနှင့် မက္ခရာလမ်းကြားတွင် လူတစ်ဦး၏ ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်ကို စီစီတီဗီမှတ်တမ်းများအရ ဖော်ထုတ်ထားနိုင်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ကလေးငယ်ကို ပြန်လည်တွေ့ရှိချိန်တွင် ကလေးငယ်မှာ သတိရနေခဲ့သော်လည်း ထိုနေရာသို့ မည်သို့ရောက်ရှိနေသည်ကို ပြန်လည်ပြောကြားနိုင်ခြင်း မရှိခဲ့ကြောင်း၊ ကလေးငယ်တွင် အောက်ပိုင်းအဝတ်မပါပဲ၊ မျက်နှာအနှံ့တွင် ဖူးယောင်ခြင်း၊ သွေးထွက်နေခြင်းများရှိပြီး ယင်းသွေးများမှာလည်း ခြောက်သွေးနေကြောင်း ရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပြင်ဦးလွင်မြို့နယ် ပြင်စာရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ (မုဒိမ်းမှု)၊ ၃၆၃ (လူခိုးမှု)၊ ၃၂၅ (နာကျင်စေမှု) တို့ဖြင့်အမှုဖွင့်ထားပြီး ကျူးလွန်သူကို ဖမ်းဆီးနိုင်ရေးအတွက် အဖွဲ့ဖွဲ့စည်းကာ စုံစမ်းလျက်ရှိကြောင်း ပြင်ဦးလွင်ခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။

M-04