News

POST TYPE

EDITOR PICK POST

တနင်္သာရီနှင့်မွန်နယ်စပ်ရှိ စစ်ဆေးရေးဂိတ် ဖြုတ်သိမ်းရန် မရှိ
06-Dec-2018

ထားဝယ်၊ ဒီဇင်ဘာ ၅

တပ်မတော် အစိုးရလက်ထက်မှ ယခုအထိ ရှိနေသော မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအကြားရှိ မလွှဲ တောင်ထိပ်စစ်ဆေးရေးဝါးတားဂိတ်ကို ဖြုတ်သိမ်းရန် အစီအစဉ်မရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားခဲ့သည်။

ဒီဇင်ဘာလ ၅ ရက်နေ့တွင်ကျင်းပသော အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေးတွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့ နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဟန်ဝင်းသိန်း၏ ၎င်းဂိတ်ကို ဖျက်သိမ်းပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းအား ယင်းသို့ ပြန်လည်ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

ယင်းဂိတ်မှာ ခရီးသည်များအား ကားပေါ်မှဆင်းစေကာ ၂၄ နာရီစလုံး စစ်ဆေးနေသဖြင့် ခရီးသည်များ စိတ်အနှောင့်အယှက် ကြုံတွေ့ရပြီး လက်ရှိနိုင်ငံရေးအရသော်လည်းကောင်း၊ လုံခြုံရေးအရသော်လည်းကောင်း၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးအရသော်လည်းကောင်း ယနေ့ခေတ်ကာလတွင် မရှိသင့်တော့သောဂိတ်တစ်ခု ဖြစ်သောကြောင့် ဖြုတ်သိမ်းပေးရန် အစီအစဉ် ရှိ မရှိ မေးမြန်း ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဟန်ဝင်းသိန်းက ပြောသည်။

“ဒေသတွင်း ခရီးသွားတွေနဲ့ ခရီးသွားဧည့်သည်တွေအတွက် ဒီမေးခွန်းမေးရတာပါ၊ ပြည်သူကို ဗဟိုပြုတဲ့ပုံစံ ဖြစ်စေချင်လို့”ဟု ဦးဟန်ဝင်းသိန်းက ပြောသည်။

ဒုဝန်ကြီး ဦးကျော်လင်းက ပူးပေါင်းအဖွဲ့များနှင့် စစ်ဆေးဆောင်ရွက်ခြင်းအားဖြင့် ပြည်သူလူထုတစ်ရပ်လုံး၏ ဘေးကင်းလုံခြုံမှုကို အထောက်အကူပြုရာရောက်သဖြင့် ယင်းဂိတ်အား ဖြုတ်သိမ်းပေးရန်မရှိကြောင်း ဖြေဆိုခဲ့သည်။

၎င်းဖြေဆိုမှုကို ကာကွယ်ရေးဝန်ကြီးဌာန၊ မွန်ပြည်နယ် အစိုးရအဖွဲ့နှင့် တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပေါင်းစပ်ဖြေကြားချက်များနှင့်အတူ ရှင်းလင်းဖြေဆိုခြင်းဖြစ်ကြောင်း ဒုဝန်ကြီးက လွှတ်တော်တွင် ပြောကြားခဲ့သည်။

ဒုဝန်ကြီးဦးကျော်လင်း၏ ဖြေဆိုချက်တွင် ယင်းဂိတ်၌ လိုင်စင်မဲ့ကား၊ ဆိုင်ကယ်၊ မူးယစ်ဆေး၊ ဘင်္ဂါလီ စသည်တို့ ဖမ်းမိကြောင်း ပါဝင်ရာ ယင်းအကြောင်းပြချက်များမှာ ဝါးတားဂိတ် မဖျက်သိမ်းရေး ခိုင်လုံသည့် အကြောင်းပြချက်များ မဟုတ်ဟု ဦးဟန်ဝင်းသိန်းက ပြောသည်။

“လိုင်စင်မဲ့ကား၊ ဆိုင်ကယ်က နယ်စပ်ကလာတာ၊ နယ်စပ်ဂိတ်ကို တင်းကျပ်ရမှာ၊ မူးယစ်ဆေးက တစ်နိုင်ငံလုံး ပြဿနာ၊ ဘင်္ဂါလီက ရခိုင်ဘက်က လာတာ၊ အကြောင်းပြချက်တွေက (ဝါးတားဂိတ်ကို မဖြုတ်သိမ်းဖို့) မခိုင်လုံဘူးပေါ့ဗျာ”ဟု ၎င်းကဆိုသည်။

မလွှဲတောင်ဂိတ်သည် ယခင်တပ်မတော်အစိုးရလက်ထက်မှအစ ယခုအထိ စစ်ဆေးမှုတင်းကျပ်ခြင်း၊ တာဝန်ကျ ဝန်ထမ်းများ မချေမငံဆက်ဆံခြင်း စသည်ဖြင့် ဒေသခံခရီးသွားများအကြား ဝေဖန်မှုများရှိနေသည့် ဂိတ်တစ်ခုဖြစ်သည်။

“ခရီးသည်တွေက လူအိုတွေပါ မိုးရွာနေပူမရှောင် ဆင်းစစ်ခံနေရတာ (တာဝန်ရှိသူတွေ)ဝင်ခံစားကြည့်မှ သိမယ်လေ၊ ဒီစနစ်ဟောင်းရဲ့ လက်တံတွေ မရှိ စေချင်တော့ဘူး”ဟု ယခုအပတ်အတွင်း ထားဝယ်မှ ရန်ကုန်သို့ခရီးသွားခဲ့သည့် လောင်းလုံးမြို့နယ်မှ အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

အကယ်၍ ယင်းဂိတ်တာဝန်ကျ ဝန်ထမ်းများက စည်းကမ်းဖောက်ဖျက်မှု၊ မချေမငံ ဆက်ဆံမှုတို့ရှိခဲ့ပါက အထောက်အထား ခိုင်လုံစွာ တိုင်ကြားနိုင်ပြီး စစ်ဆေးပေါ်ပေါက်ပါက ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက အမျိုးသား လွှတ်တော်ပုံမှန်အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

Dawei Watch