News

POST TYPE

EDITOR PICK POST

ဂျင်း နိုင်ငံရေးဘေး ကင်းဝေးကြပါစေ
01-Dec-2018



၂၀၁၆ ခုနှစ်တွင် အောက်စ်ဖို့အဘိဓာန်၏ အကျော်ကြားဆုံးစကားလုံး (Word of the Year) ဖြစ်ခဲ့သည်။ ထိုစဉ်က ကမ္ဘာ့နိုင်ငံရေးလေ့လာသူတွေအကြား အပြောအများဆုံးစကားလုံးတစ်ခု မြန်မာပြည်တွင် ကူးစက်နှင့်နေပြီးပြီလော။ 

ထိုစကားလုံးမှာ Post-truth Politics။

တိုက်ရိုက် မြန်မာပြန်ရသော် အမှန်တရားအလွန် နိုင်ငံရေးဟု ဆိုနိုင်သည်။ သို့သော် ယင်းကို လေ့လာသုတေသနပြုသော ပညာရှင်များ၏ အဆိုအရ ထိုထက်မက နက်ရှိုင်း၊ အဓိပ္ပာယ်ထွေပြားလှသည်။ 

ပညာရှင်များ ဖွင့်ဆိုသော ဟိုအဓိပ္ပာယ်သည် အဓိပ္ပာယ်များကို ဖတ်ရှုလေ့လာပြီးနောက် ထိုစကားလုံးကို ခေတ်စကားဖြင့်ဆိုရလျှင် “ဂျင်း နိုင်ငံရေး” ဟု ကောက်ယူနိုင်သည်ဟု စောကြောသဘောပိုက်မိသည်။ 

(က) 

အနောက်ကမ္ဘာရှိ အောက်ခြေလူတန်းစားတို့မှာ စီးပွားရေး မညီမျှမှု၊ လူမှုရေး မညီမျှမှုတို့အကြား စိတ်အချဉ်ပေါက်လာသည်။ လူအများစုက အချက်အလက်တွေ၊ မှန်ကန်လေးနက်မှုတွေထက် “စိတ်ခံစားမှု” ကို ဦးတည်လာသည်။ ထိုစဉ် သူတို့၏ စိတ်နှလုံးကို ဆွဲဆောင်နိုင်သော နိုင်ငံရေးသမားများ ပေါ်လာသည်။ လူတို့၏ ဒေါသစိတ်ကို ဆွပေးနိုင်သော နိုင်ငံရေးသမားများ ပေါ်လာသည်။ 

မှန်ခြင်း မှားခြင်းက ပြဿနာမဟုတ်။ အမှန်အမှားကို ဝေဖန်ပိုင်းခြား ဆင်ခြင်ခြင်းက များစွာရှေ့တန်းမရောက်တော့ဘဲ ကြားကောင်းသော၊ နားဝင်ကောင်းသော၊ လူအများ ခိုက်လောက်သော စကားလုံးလှလှများ ပစ်သွင်းနိုင်သော နိုင်ငံရေးသမားများ ပေါ်လာသည်။ 

ယင်းသို့ဖြင့် Post-truth politics ဆိုသည့်စကား ပိုခေတ်စားလာသည်။ Post-truth politics ၏ သဘောမှာ အချက်အလက်အကိုးအကား၊ အစစ်အမှန်တို့အပေါ် အခြေမတည်တော့ဘဲ လူတို့၏ စိတ်ခံစားမှုတို့အပေါ်သာ အခြေခံစည်းရုံးလာသော နိုင်ငံရေးပုံစံဟု ဆိုနိုင်သည်။ ဖော်ဆောင် မည့်မူဝါဒအရ ဖြစ်နိုင်၊ မဖြစ်နိုင်များစွာ ဂရုမထားတော့။ ယင်းအပြင် အချက်အလက်ဖြင့် ပြန်လည်ချေပချက်များကိုလည်း အလေးဂရုမပြုတော့သော နိုင်ငံရေးပုံစံဖြစ်သည် (Jane Suiter, 2016)။ 

ကမ္ဘာကျော် The Economist မဂ္ဂဇင်းကြီးက ၂၀၁၆ ခုနှစ်တွင် Post-truth အကြောင်း ဆောင်းပါးတစ်ပုဒ်ဖော်ပြခဲ့သည်။ ယင်းဆောင်းပါးတွင် အမေရိကန်သမ္မတ (ထိုစဉ်က သမ္မတလောင်း) ဒေါ်နယ်ထရမ့်ကို Post-truth နိုင်ငံရေး၏ ထွတ်ခေါင်အဖြစ် တင်စားထားသည်။ 

ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲ မဲဆွယ်စဉ်က လူထုကြားထဲ ဟာခနဲဟင်ခနဲဖြစ်သွားစေသည့် စကားလုံးများ ပစ်သွင်းနိုင်ခဲ့သည်။ ဥပမာ - အိုဘားမား၏ မွေးစာရင်းမှာ အတုကြီး၊ အိုဘားမားမှာ IS မွတ်ဆလင် အကြမ်းဖက်အဖွဲ့ကို မွေးဖွားပေးခဲ့သူကြီး၊ အမေရိကန် ယခုဒုက္ခရောက်နေသည်မှာ ယခင်သမ္မတတို့၏ လုပ်ရပ်ကြောင့်ဟူသော ထရမ့်၏ ပြောလုံးများဖြစ်သည်။ မှန်သည်မှားသည်က နောက်မှ၊ ကနဦးတွင်တော့ မဲဆန္ဒရှင်များ ကြွေသွားသည်။ 

မဲဆန္ဒရှင်များခမျာ သူပြောသောစကားများကို ချက်ချင်း တိုက်စစ်၍ မရ။ သူလိုလူတောင်မှ သည်လို လူသိနတ်ကြား ထိုသို့ပြောနေမှတော့ ဟုတ်သလိုလိုရှိသည်ဟု ထင်သူက များပေလိမ့်မည်။ ထိုသို့ဖြင့် နိုင်ငံရေးသမား၊ နိုင်ငံခေါင်းဆောင်များက ဂျင်းထည့်သွားကြသည့် ဟုတ်ယောင်ရှိ အယူအဆများကို အမှန်ထင်သွားကြသည်။ 

ပြောဆိုစည်းရုံးသူကလည်း ပြောကတည်းကိုက စဉ်းစားချင့်ချိန်တတ်၊ စာတတ်ပေတတ်များကို ယုံအောင်စည်းရုံးဟောပြောခြင်းမဟုတ်။ ယုံသည်မယုံသည်ကို နောက်ထား။ အရေးကြီးသည်က တစ်ဖက်သား နစ်နာသွားဖို့ ဖြစ်သည်။ တစ်ဖက်သားကို ပုံဖျက်ဖို့ဖြစ်သည် (The Economist, 2016)။

သို့တည်းမဟုတ် သက်ဆိုင်ရာနိုင်ငံရေး ပြိုင်ဘက်၊ ဆန့်ကျင်ဘက် အမြင်ကို ထိုးနှက်တိုက်ခိုက်ဖို့ သက်သက်ဖြစ်သည်။ ယင်းကိစ္စမမှန်ကြောင်း ချက်ကျလက်ကျ လိုက်ရှင်းသူတွေကတော့ ဘယ်လိုဆိုဆို နောက်ကောက်ကျသွားလေပြီ။ 

အမှန်တရားက ဖိနပ်စီးတုန်းရှိသေး၊ မုသားက ကမ္ဘာပတ်နေပြီ ဆိုသော စကားပင်ရှိသေးသည် မဟုတ်ပါလော။ 

အပြောအဟော ကောင်းကောင်းဖြင့် ဂျင်းထည့်သွားသော နိုင်ငံရေးသမားများ၊ နိုင်ငံခေါင်းဆောင်များ၏ ပြောဆိုချက်များကို အချက်အလက် အကိုးအကားဖြင့် ပြန်လည်ချေပသူတို့က အကျအနပြင်ဆင်နေစဉ်မှာပင် နိုင်ငံရေးမုသားတို့က ပျံ့နှံ့သွားကြလေပြီ။ 

အချို့သောစကားများမှာ ရွေးကောက်ပွဲတွင် အနိုင်ရရုံသက်သက်မျှဖြင့် ရည်မှန်းကာ ဖန်တီးသုံးစွဲသော မုသားများဖြစ်သည်။ ရွေးကောက်ပွဲ ကတိတည်ခြင်း၊ မတည်ခြင်းက နောက်ထား၊ ယခုတော့ လူ့အကြိုက်၊ လူ့အခိုက် ကတိတွေပေးလိုက်မည်။ ဟိုဟာ လုပ်ပြမည်၊ သည်ဟာ လုပ်ပြမည်ဟု လေလုံးထွား မဲဆွယ်လိုက်ကြသည်။ 

နောက်မှ ဟိုအကြောင်းပြ၊ သည်အကြောင်းပြချက်တို့ဖြင့် ယင်းကတိများမတည်နိုင်ကြောင်း အမျိုးမျိုးလှည့်ဖြားပြောဆိုနိုင်သည်။ 

လူအများက တစ်စုံတစ်ရာသော စနစ်တစ်ခုကို စိတ်ကုန်နေချိန်၊ လက်ငင်းစနစ်ကြီးနှင့် လက်ရှိနိုင်ငံရေးသမားများကို စိတ်အချဉ်ပေါက်နေ ချိန် ထိုသို့ လေလုံးထွားမုသား နိုင်ငံရေးဆွယ်စကား ဟောလာသူများကို သဘောခွေ့ကြသည်။ ဟုတ်သည် မဟုတ်သည် နောက်ထား၊ ဖြစ်နိုင်သည် မဖြစ်နိုင်သည်ဆိုသည့် အချက်အလက်နှင့် အမှန်တရားတို့အပေါ်လည်း အလေးမထားတော့၊ ရေရှည်အကျိုးရလဒ်ကိုလည်းမတွက်၊ မတွေးကြတော့ဘဲ ပစ်ယုံလိုက်ကြသည်။ 

ထိုသို့ဖြင့် လူအများမှာ ဖြေသာသွားသည်။ စိတ်ထဲ ကျေနပ်သွားသည်။ Feel Good ဖြစ်သွားသည်။ 

Post-truth politics နှင့်ပတ်သက်၍ ပညာရှင်များ အဓိကအားဖြင့် ဥပမာပြုကြသည်မှာ ဒေါ်နယ်ထရမ့်ကို သမ္မတအဖြစ် မဲပေးလိုက်ကြခြင်းနှင့် ဗြိတိန် ဥရောပသမဂ္ဂမှ ခွဲထွက်ရန် မဲပေးလိုက်ကြခြင်းကို ဥပမာပေးကြသည်။ 

အမေရိကန်ပြည်ထောင်စုရှိ လက်ရှိအခြေအနေကို စိတ်အချဉ်ပေါက်နေသော အောက်ခြေလူဖြူလူတန်းစားတို့မှာ “မထူးတော့တဲ့ အတူတူ၊ ဖြစ်ချင်ရာဖြစ် ထရမ့်လိုက်ကြတာပေါ့”ဟု စဉ်းစားမဲပေးခဲ့ကြသည်ဟု အနောက်တိုင်းသား ဆရာတစ်ဦးက သူ့အမြင်ကို မှတ်ချက်ပြုဖူးသည်။ 

ဗြိတိန်ခွဲထွက်ရေး မဲပေးသူတို့မှာလည်း စိတ်ခံစားမှုကို အခြေခံသော၊ အချက်အလက်အမှန်မဟုတ်ဘဲ ဖန်တီးလုပ်ကြံထားသော ပြောစကားများကို အခြေတည်ကာ ခွဲထွက်ရေး မဲပေးလိုက်ကြသည်ဟု ဆိုကြသည်။ 

ဥပမာအားဖြင့် ဗြိတိန်က ဥရောပသမဂ္ဂဝင် ဖြစ်နေခြင်းကြောင့် တစ်ပတ်လျှင် ပေါင်သန်း ၃၅၀ အကုန်အကျ ရှိနေသည်ဟု သတင်းဖြန့် လိုက်သည်။ နောက်ပိုင်းတွင် ဗြိတိန်က ဥရောပသမဂ္ဂသို့ တစ်ပတ်လျှင် ပေါင်သန်း ၃၅၀ ပေးနေရကြောင်း သတင်းမှာ ပုံပျက် ပျံ့နှံ့သွားသည် (The New York Times, 2016)။

သုတေသနအဖွဲ့များ၊ BBC ကဲ့သို့သော မီဒီယာများက ယင်းကိန်းဂဏန်းမှာ လုပ်ကြံဇာတ်လမ်းကြီးဖြစ်ကြောင်း လိုက်ရှင်းကြသော်ငြားလည်း ဆေးမမီတော့။ နောက်ကျသွားလေပြီ။ 

မုသားနိုင်ငံရေးက ကမ္ဘာပတ်နှင့်နေပြီး ဖြစ်လေသည်။ 

(ခ) 

ယနေ့ခေတ်ကဲ့သို့သော မီဒီယာအမျိုးအစား ပဒေသာစုံလှသော ခေတ်ကြီးတွင် မုသားအလှည့်အဖြားစကားမှာ ပို၍ပင်ပျံ့လွယ်ကြသည်။ 

ပြဿနာမှာ တစ်ခုတည်းအပေါ် မတည်ပါ။ 

Social Media ဟု ခေါ်သော Facebook၊ Twitter များပေါ် လာသောကြောင့်လည်း အလှည့်အဖြား နိုင်ငံရေးစကားများ၊ ပုံဖျက်လှည့်စား ပြောဆိုမှုများပျံ့လွယ်သည်။ ထိုနည်းတူ Mainstream Media ဖြစ်သော သတင်းစာ၊ ဂျာနယ် ပင်မမီဒီယာရေစီးကြောင်း၏ အားနည်းချက်ကြောင့်လည်း မီးလောင်ရာလေပင့် ဖြစ်စေသည်။ 

Facebook ကဲ့သို့သော ဆိုရှယ်မီဒီယာပေါ်တွင် မည်သူမဆို တက်ရေးပြီး အများပြည်သူကို လွှမ်းမိုး မုသားဖြန့်နိုင်ရာ Post-truth နိုင်ငံရေးအတွက်ပင်မ ကြားခံယန္တရားကြီး ဖြစ်သွားတော့သည်။ 

ထိုသူတို့မှာ ထရမ့်ကဲ့သို့သော နိုင်ငံရေးသမားများ၏ လက်ခုပ်သံချူ လှည့်ဖြားစကားများကို ထောက်ခံဖြန့်ချိပေးရာ၊ လော်ဘီလုပ်ပေးရာ ယန္တရားကြီး ဖြစ်သွားတော့သည်။ Fake News သတင်းတုသတင်းမှားများ ပျံ့နှံ့ရေးအတွက် ကမ္ဘာကြီးဖြစ်သွားတော့သည်။ 

ယင်းတို့မှာ အလိမ်အညာလှည့်ဖြားစကားများ၊ ကောလာဟလများနှင့် အတင်းအဖျင်းများကို စနစ်တကျ ရေးသားဖြန့်ချိကြသည်။ ထိုလော်ဘီ အဖွဲ့ဝင်များသည် အချင်းချင်း၏စကားများကို ယုံကြည်မှုရှိကြသည်။ သတင်းစာကဲ့သို့သော ပင်မမီဒီယာများထက်ပို၍ပင် ယုံကြည်ကြသည် (The Economist, 2016)။

သာမန်လူထုမှာလည်း ထိုရေးသားချက်များကိုဖတ်ရှု၍ ဟုတ်သယောင်ယောင် ထင်မှတ်မှားကြတော့သည်။ အများအားဖြင့် သာမန်လူထုမှာ ကိုယ့်ဝမ်းရေးနှင့်ကိုယ် အလုပ်များနေကြသူများဖြစ်ရာ များစွာဆင်ခြင်တွေးတောရန် အချိန်မရှိလှ။ ပြောဦးသူနိုင် (ဦးစွာ နားသွင်းနိုင်သူက အမှန်) ဆိုသကဲ့သို့ ပထမရောက်လာသော သတင်းစကားပင် ခေါင်းထဲစွဲသွားတော့သည်။ 

သတင်းစာတစ်ခုခုကဖြစ်စေ၊ လေးစားလောက်သော လူတစ်ဦးဦးကဖြစ်စေ သတင်းအမှား၊ အကောက်အယူများတို့ကို ချက်ကျလက်ကျ ပြန်ဖြေရှင်းလာလျှင် အုပ်စုလိုက် အုံနှင့်ကျင်းနှင့် ပြန်တွယ်တတ်ကြသည်။ တစ်ခါတစ်ရံ ခပ်တည်တည်ဖြင့် မသိချင်ဟန်ဆောင်လိုက်တတ်ကြသည်။ ကိုယ်မူလက ရေးထားသော၊ ဖြန့်ချိထားသော သတင်းအချက်အလက်ကို ပြန်လည်းမပြင်၊ တောင်းလည်းမတောင်းပန်ဘဲ မသိလိုက်မသိဘာသာ နေလိုက်ကြသည်။ (ထိုအချက်မှာ သတင်းစာ၊ ဂျာနယ်တို့ကဲ့သို့သော ပင်မမီဒီယာအများစု၏ တာဝန်ယူ၊ တာဝန်ခံမှုနှင့် ကွာခြားချက်ဖြစ်သည်) 

နောက်တစ်ချက်မှာ သတင်းစာ၊ ဂျာနယ်၊ ရုပ်သံကဲ့သို့သော ပင်မ မီဒီယာများ၏ အားနည်းချက်ဖြစ်သည်။ 

အဓိက အားနည်းချက်မှာ False Balance ဟု ဆိုသည် (Jane Suiter, 2016)။

ဩဇာရှိ မီဒီယာများမှာ တစ်ဖက်ကတော့ဖြင့် သည်လိုပြောသည်။ အခြားတစ်ဖက်ကတော့ဖြင့် သည်လိုပြောသည်ဆိုသည့် ဟိုဘက်ပြောသည်ဘက်ပြော ဘက်မျှမှုအပေါ်အခြေတည် သတင်းတင်ဆက်နေကြသည်က များနေသည်။ 

He said she said journalism ဟုလည်း ဆိုနိုင်သည်။ 

တကယ်တော့ သည်ဘက်က သည်လိုပြောသည်။ ဟိုဘက်က ဟိုလို ပြောသည်ဆိုသော False Balance ထက် အရေးကြီးသော အမှန်တရားကို ဖော်ထုတ်တင်ပြနိုင်ရန်ကား များစွာအရေးကြီးသည်။ 

Brexit ဥပမာအရ အချို့မီဒီယာများက Brexit မလိုလားသူဘက်က အမြင်များကို တင်ပြသည်။ အခြားတစ်ဖက်ကလည်း Brexit လိုလား သူဘက်က အမြင်များကို ဖော်ပြသည်။ သို့သော် Brexit ဖြစ်ရခြင်း အကျိုးအပြစ်များကို သက်သေသက္ကာယဖြင့် ခြေခြေမြစ်မြစ် တင်ပြရန်၊ လူထုကိုအသိပေးရန် ပျက်ကွက်ခဲ့ကြသည်ဟု မီဒီယာနှင့် သတင်းစာပညာရေးရာ ကျွမ်းကျင်သူ Jane Suiter က ဝေဖန်သည်။ 

ယင်းကပင် သတင်းစာ ဂျာနယ် ရုပ်သံပင်မမီဒီယာတို့၏ အဓိက အားနည်းချက်ကြီး ဖြစ်သွားစေခဲ့သည်။ 

(ဂ)

ထိုသို့သော အချက်အလက်များကို ဆင်ခြင်ရင်း Post-truth politics မြန်မာနိုင်ငံတွင် မည်မျှအခြေတည်နေပြီနည်းဟု တွေးမိသည်။ 

ဂျင်းနိုင်ငံရေး မည်မျှခေတ်စားနေပြီနည်းဟု ဆင်ခြင်မိသည်။ 

မြန်မာနိုင်ငံမှ များပြားလှစွာသော ဥပမာများကို မတင်ပြတော့ပါ။ စာရှုသူများကိုယ်တိုင် ဆင်ခြင်စဉ်းစား တိုက်စစ်လုပ်ကြပါရန်ဖြစ်သည်။ 

မြန်မာလူထုအနေနှင့်လည်း ဂျင်းနိုင်ငံရေးမှ ရှောင်နိုင်ကြပါစေကြောင်းနှင့် တွေးတောဆင်ခြင်နိုင်ကြပါစေကြောင်း။ 

ခွန်းသု 

Key References: 
Bournemouth University (2017), Post-truth: its meaning and implications for democracy. 
Jane Suiter (2016), Post-truth Politics, Political Insight. 
The Economist (2016), Art of the Lie. 
William Davies (2016), The Age of Post-Truth Politics, The New York Times.