News

POST TYPE

EDITOR PICK POST

မလေးရှားနှင့်ပွဲတွင် သရေကျရုံဖြင့် မြန်မာအသင်း ဆီမီးဖိုင်နယ် တက်မည်
21-Nov-2018


ရန်ကုန်၊ နိုဝင်ဘာ၂၀

မြန်မာနှင့် ဗီယက်နမ် ဂိုးမရှိ သရေကျသွားသည့် ရလဒ်ကြောင့် မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲစဉ်တွင် အဝေးကွင်း၌ မလေးရှားအသင်းကို သရေကစားနိုင်ရုံမျှဖြင့် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်မည် ဖြစ်သည်။

မြန်မာနည်းပြ အန်တွိုင်နီဟေးသည် အသင်းကို ၄-၅-၁ ကစားကွက်ဖြင့် အထိုင်ချသွားခဲ့ပြီး ဂိုးသမားနေရာတွင် ကျော်ဇင်ထက်၊ နောက်တန်းတွင် ဇော်မင်းထွန်း၊ နန္ဒကျော်၊ စိုးမိုးကျော်နှင့် ဝင်းမိုးကျော်၊ ကွင်းလယ်တွင် လှိုင်းဘိုဘို၊ လွင်မိုးအောင်၊ ထက်ဖြိုးဝေ၊ စည်သူအောင်နှင့် မောင်မောင်လွင်၊ တိုက်စစ်တွင် အောင်သူတို့ကို ပွဲထုတ်သွားခဲ့သည်။

မြန်မာသည် ပွဲစတင်သည်နှင့် အိမ်ရှင်အခွင့်အရေးကို အပြည့်အဝ အသုံးချကာ ဗီယက်နမ်အသင်းဘက်သို့ ထိုးဖောက်တိုက်စစ်ဆင်ခဲ့ပြီး ဗီယက်နမ် အသင်းကမူ ခံစစ်ကိုအသားပေးကာ အခြေအနေကို စောင့်ကြည့်၍ ပွဲကို ထိန်းကစားသွားခဲ့သည်။

ဗီယက်နမ်သည် ပွဲချိန်မိနစ် ၂၀ ကျော်လွန်လာခဲ့အပြီးတွင်မူ လျင်မြန်သော တန်ပြန်တိုက်စစ်ဆင်ကစားဟန်ကို အသုံးပြု၍ မြန်မာဘက်သို့ ထိုးဖောက်လာခဲ့ပြီး ဗီယက်နမ်၏ တိုက်စစ်တွဲလုံးများမှာ ဂိုးရရန်နီးစပ်မှုများ ရှိခဲ့ခြင်းကြောင့် မြန်မာခံစစ်ကြောင်းနှင့် ဂိုးသမား ကျော်ဇင်ထက်တို့မှာ အသည်းအသန် ကာကွယ်ခဲ့ကြရသည်။

ဗီယက်နမ်သည် ပွဲကစားချိန် မိနစ် ၃၀ ကျော်တွင် ဦးဆောင်ဂိုးရရှိနိုင်ဖွယ်ရာ အခွင့်အရေး သုံးကြိမ်ခန့်ရရှိခဲ့ပြီး ဂိုးတိုင်ထိ ထွက်သွားခဲ့သော အခြေအနေတစ်ရပ်မှာ ဗီယက်နမ်အတွက် လွန်စွာနစ်နာခဲ့ရကာ မြန်မာအတွက် လွန်စွာပင် ကံကောင်းသွားခဲ့ရသည်။

ဗီယက်နမ်သည် ထောင့်ကန်ဘော ကဲ့သို့သော တည်ကန်ဘောများ ရရှိချိန်တွင် ဂိုးရရန် နီးစပ်သော အခွင့်အလမ်းများကို ဖန်တီးနိုင်ခဲ့ပြီး မြန်မာအသင်း ခံစစ်ကြောင်းမှာ ကမ္ဘောဒီးယား၊ လာအိုတို့နှင့် ယှဉ်ပြိုင်ကစားစဉ်ကထက် တိုးတက်မှုများရှိလာခဲ့သဖြင့်သာ သက်သာရာ ရခဲ့ခြင်းဖြစ်သည်။

ဗီယက်နမ်သည် ဒုတိယပိုင်း ၄၅ မိနစ်စတင်သည်နှင့် လူစားလဲလှယ်မှု ဆောင်ရွက်ကာ မြန်မာဘက်သို့ တိုက်စစ်ဆင်ခဲ့ပြီး ပွဲကစားချိန် ၅၂ မိနစ်နှင့် ၅၃ မိနစ်တို့တွင် ဗီယက်နမ်အသင်း ဂိုးရနိုင်လောက်ဖွယ်ရာ အပိုင်ကန်ချက်များကို ဂိုးသမားကျော်ဇင်ထက် လက်စွမ်းပြ ကာကွယ်နိုင်ခဲ့၍သာ မြန်မာအသင်း သက်သာရာ ရသွားခဲ့ရခြင်းဖြစ်သည်။

ဗီယက်နမ်သည် ပွဲကစားချိန် ၇၆ မိနစ်တွင် မြန်မာအသင်းဘက်သို့ ဂိုးသွင်းယူနိုင်ခဲ့သော်လည်း လူကျွံ အနေအထား ဖြစ်နေခဲ့သည့်အတွက် ယင်းသွင်းဂိုးမှာ ပယ်ဖျက်ခြင်းခံခဲ့ရပြီး ယင်းနောက်ပိုင်းတွင်မူ နှစ်သင်းလုံးက အနိုင်ဂိုး ရယူနိုင်ရေးထက် ဘောလုံးပိုင်ဆိုင်မှု ရယူကာ ပွဲထိန်းနိုင်ရန်ကိုသာ ဦးတည်သွားခဲ့ကြတော့သည်။

မြန်မာအသင်းသည် ယခုပွဲစဉ်တွင် ဗီယက်နမ်ကို ဂိုးမရှိသရေကစားလိုက်နိုင်သည့်အတွက် အုပ်စု (က)ကို နှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ ရမှတ် ခုနစ်မှတ်ဖြင့် ဆက်လက် ဦးဆောင်သွားနိုင်ခဲ့ပြီး ဗီယက်နမ်ကမူ မြန်မာနှင့် ရမှတ်တူ၊ ဂိုးကွာခြားချက်ဖြင့် အုပ်စုဒုတိယနေရာတွင် ရပ်တည်နေဆဲဖြစ်သည်။

အခြားတစ်ဖက်တွင် ယှဉ်ပြိုင်ကစားခဲ့သည့် အုပ်စု(က) ၏ပွဲစဉ်တစ်ပွဲဖြစ်သော ကမ္ဘောဒီးယားနှင့် လာအိုတို့၏ပွဲစဉ်တွင်မူ ကမ္ဘောဒီးယားက လာအိုကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။

E-11, J-04