News

POST TYPE

EDITOR PICK POST

ပြင်ဦးလွင်တန်ဆောင်တိုင် ပြိုင်ပွဲဝင်မီးပုံးပျံ ၂ နှစ်ဆက်လျော့
20-Nov-2018

မန္တလေး၊ နိုဝင်ဘာ ၁၉

နှစ်စဉ်ကျင်းပသည့် ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော်၌ ပြိုင်ပွဲဝင် မီးပုံးပျံအရေအတွက် ၂ နှစ်ဆက် လျော့ကျခဲ့ကြောင်း ပွဲတော်ကျင်းပရေးဦးဆောင် ကော်မတီဝင် ဦးကျော်ဌေးက ပြောကြားသည်။

“လူတွေရဲ့စိတ်ဝင်စားမှုက အခြားအရာတွေပေါ် ရောက်သွားတာလည်းပါမယ်။ ကျွန်တော်တို့ ကော်မတီဘက်က စည်းရုံးရေး အားနည်းတာလည်းပါမယ်။ စည်းရုံးရေးအားကောင်းကောင်းနဲ့ လုပ်မယ်ဆိုရင်တော့ လူတွေစိတ်ဝင်စားမှာပါ”ဟု ၎င်းကပြောဆိုသည်။

၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်တို့က မီးပုံးပျံအရေအတွက် ၁၃၅ လုံးခန့်အထိ ပြိုင်ပွဲဝင်ခဲ့ကြရာမှ ယမန်နှစ်က ၇၈ လုံးရှိခဲ့ပြီး ယခုနှစ်တွင် ၉၁ လုံးသာရှိကြောင်း ဦးကျော်ဌေးက ရှင်းပြသည်။

ပြင်ဦးလွင်မြို့၌ ၂၀၀၅ ခုနှစ်မှစ၍ မီးပုံးပျံပြိုင်ပွဲစတင်ခဲ့ရာ ယခုနှစ်တွင် ၁၄ ကြိမ်မြောက်သို့ရောက်ရှိလာခဲ့ပြီး နိုဝင်ဘာလ ၁၉ ရက်နေ့ညနေပိုင်းက ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါတန်ဆောင်တိုင်ပွဲကို မဟာ အံ့ထူးကံသာဘုရားကြီး၏ တောင်ဘက်ရှိ မီးပုံးပျံကွင်းတွင် ကျင်းပခြင်းဖြစ်ပြီး ယင်းပွဲတော်တွင် ဆီးမီးကိုးထောင်ပူဇော်ပွဲ၊ မသိုးသင်္ကန်း ကပ်လှူပူဇော်ပွဲများနှင့်အတူ ရိုးရာပျော်ပွဲရွှင်ပွဲများလည်း ထည့်သွင်းကျင်းပမည်ဖြစ်သည်။

အဆိုပါ မီးပုံးပျံပွဲတော်တွင် မီးဘေးလုံခြုံရေးအတွက် လေလမ်းကြောင်းသင့်ပြီး မီးပုံးပျံပျက်ကျနိုင်သည့် ဝန်းကျင်များမှ ကျေးရွာများသို့လည်း အသိပညာပေးထားပြီး မီးပုံးပျံလွှတ်သည့်ပြိုင်ပွဲဝင်များကိုလည်း အန္တရာယ်ကင်းရှင်းရေးအတွက် အသိပညာပေးထားကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။

M-04