News

POST TYPE

EDITOR PICK POST

ကြည့်မြင်တိုင်တစ်ဖက်ကမ်းတွင် မောင်နှမချင်းစကားများရာမှ လူသတ်မှုဖြစ်
21-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၂၀

ကြည့်မြင်တိုင်တစ်ဖက်ကမ်းရှိ စက်ဆန်းရပ်ကွက်တွင် မောင်နှမချင်းစကားများရန်ဖြစ်ရာမှ နှမဖြစ်သူကို အစ်ကိုအရင်းက ဓားဖြင့်ထိုးသတ်ခဲ့သည့် လူသတ်မှု အောက်တိုဘာလ ၁၉ ရက် ညနေက ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

လူသတ်မှုဖြင့်ကျူးလွန်သူ အသက် ၃၂ နှစ် ငြိမ်းချမ်းအောင် (ခ) ကုလားမှာ အောက်တိုဘာလ ၁၉ ရက် ညနေပိုင်းက စက်ဆန်းရပ်ကွက်၊ ဗန္ဓုလလမ်းရှိ နေအိမ်တွင် ၎င်းနှင့် စကားများ ရန်ဖြစ်ခဲ့သော အသက် ၂၆ နှစ်အရွယ်ရှိ နှမအရင်းဖြစ်သူကို ဓားဦးချွန်ဖြင့်ထိုး၍ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရှိရသည်။

ဓားဖြင့်ထိုးခံရသည့် အမျိုးသမီးမှာ ပုခုံးတွင် ထိုးသွင်းဒဏ်ရာတစ်ချက်၊ ညာလက်ဖျံတွင် ပြတ်ရှဒဏ်ရာတစ်ချက် ရရှိခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် ယင်းနေ့ ညနေ ၆ နာရီ ခန့်က သေဆုံးခဲ့သောကြောင့် ငြိမ်းချမ်းအောင် (ခ) ကုလားကို စက်ဆန်းနယ်မြေရဲစခန်းက အပြင်းအထန်နာကျင်စေမှု ပုဒ်မမှ လူသတ်မှုပုဒ်မသို့ ပြောင်းလဲအမှုဖွင့်အရေးယူပြီး ဖမ်းဆီးအရေးယူနိုင်ရန် စုံစမ်းဆောင်ရွက်ခဲ့သည်။

ယင်းနောက် ၎င်းသွားလာတတ်သည့် နေရာများကို စုံစမ်းရာမှ လှိုင်သာယာမြို့နယ်၊ (၅) ရပ်ကွက်ရှိ မြရိပ်ညို ၄ လမ်းတွင် အမှုမှ ထွက်ပြေးတိမ်းရှောင်နေသူ ငြိမ်းချမ်းအောင် (ခ) ကုလားကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03