News

POST TYPE

EDITOR PICK POST

ပြည်တွင်းဈေးကွက်သို့ Alibaba စတင်ဝင်ရောက်
20-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၂၀

တရုတ်နိုင်ငံအခြေစိုက် ထိပ်တန်း နည်းပညာကုမ္ပဏီ Alibaba ကုမ္ပဏီက မြန်မာနိုင်ငံ၏ e-commerce ဈေးကွက်အတွင်းသို့ SHOP အမည်ရှိ အွန်လိုင်း အရောင်းအဝယ် ဝက်ဘ်ဆိုက်ကို အောက်တိုဘာလ ၁၉ ရက်တွင် စတင်မိတ်ဆက်လိုက်သည်။

Alibaba အနေနှင့် ပြည်တွင်း အသေးစား အလတ်စား လုပ်ငန်းများ ပိုမိုကြီးထွားလာရေးနှင့် မြန်မာနိုင်ငံ၏ e-commerce ကဏ္ဍ ပိုမိုဖွံဖြိုးတိုးတက်ရေး မြန်မာနိုင်ငံဈေးကွက်သို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း SHOP ၏ တွဲဖက်အုပ်ချုပ်မှုဒါရိုက်တာ Mr. Fran Maas က ပြောကြားသည်။

လက်ရှိအချိန်တွင် SHOP ၏ အရောင်းအဝယ်ဝက်ဘ်ဆိုက်တွင် အရောင်းအဝယ် လုပ်ဆောင်ခြင်းများကို ကော်မရှင်ခ သုညရာခိုင်နှုန်းဖြင့် စတင်ဆောင်ရွက်မည်ဖြစ်ပြီး နိုဝင်ဘာလ ၁၁ ရက်တွင်လည်း Alibaba ၏ အခြားနိုင်ငံများတွင် တစ်နှစ်တစ်ကြိမ် ကျင်းပပြုလုပ်လျက်ရှိသည့် အကြီးဆုံး အွန်းလိုင်းဈေးရောင်းပွဲတော်တစ်ခုကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း SHOP ၏ စီမံကိန်းမန်နေဂျာ Ms. Norine Yune က ပြောကြားသည်။

“ငွေပေးချေမှုစနစ်အတွက် အခု Visa နဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်။ နောက်ပိုင်းမှာ တခြားနိုင်ငံတွေမှာ အသုံးပြုနေကြတဲ့ အခြားဒစ်ဂျစ်တယ် ငွေပေးချေမှုတွေနဲ့လည်း လုပ်ဆောင်သွားမှာပါ” ဟု ၎င်းကဆိုသည်။

SHOP တွင် ပြည်တွင်း လုပ်ငန်းများ၏ ထုတ်ကုန်များနှင့် ပြည်တွင်း လုပ်ငန်းရှင်များက ရောင်းချခွင့် ကိုယ်စားလှယ်ယူထားသော အခြားနိုင်ငံထုတ် ကုန်ပစ္စည်းများကို ဝယ်ယူနိုင်မည်ဖြစ်ပြီး ပြည်တွင်းလုပ်ငန်းရှင်များ၏ ထုတ်ကုန်များသည် SHOP အသုံးပြုသူများသာ ဝယ်ယူနိုင်မည်ဖြစ်ပြီး အခြားနိုင်ငံများမှ Alibaba ကို အသုံးပြုသူများဆီသို့ ရောင်းချနိုင်မည် မဟုတ်သေးကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။

SHOP အွန်လိုင်းရှော့ပင်းဝက်ဘ်ဆိုက်တွင် လူသုံးကုန်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ ဖက်ရှင်ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများနှင့် အလှအပဆိုင်ရာပစ္စည်းများ အခြားကုန်ပစ္စည်းမျိုးစုံကို ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

J-01