News

POST TYPE

EDITOR PICK POST

ကနီမြို့အနီး ချင်းတွင်းမြစ်အတွင်း ကုန်တင်ရေယာဉ်မှောက်
18-Oct-2018


ကလေး၊ အောက်တိုဘာ ၁၈

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ချင်းတွင်းမြစ်အတွင်း ယနေ့ (အောက်တိုဘာ ၁၈ ရက်) မွန်းလွဲ ၂ နာရီခန့်က ကုန်တန်ချိန် ၂၈ တန်တင်လာသည့် ကုန်တင်ရေယာဉ်တစ်စီး တိမ်းမှောက်ခဲ့ကြောင်း ကနီမြို့နယ် အမှတ် (၂) မဲဆန္ဒနယ် တိုင်းလွှတ်တော်အမတ် ဦးထွန်းထွန်းဝင်းက ပြောသည်။

ကနီမြို့နှင့် ရေမိုင် ၂၀ ကျော်အကွာ အုမ္မရွာနှင့် ညောင်လှရွာကြားတွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ယာဉ်ပေါ်ပါသည့် ယာဉ်မောင်းအပါအဝင် ကျား ၅ ဦး၊ မ ၁ ဦးတို့မှာ အသက်အန္တရာယ်ထိခိုက်ခြင်းမရှိကြောင်း၊ ကုန်တင်ယာဉ်၏ ရှေ့အလေးချိန်နှင့် နောက်အလေးချိန်များပြီး ခါးကြိုးသွားခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ထိုသို့ ကုန်တင်ယာဉ်တိမ်းမှောက်ခဲ့ခြင်းကြောင့် ကုန်တင်ရေယာဉ်မောင်း ဦးညီဝင်းထွန်း (၄၅) နှစ်ကို အမှုဖွင့်နိုင်ရေး ဆက်လက်ဆောင်ရွက်နေကြောင်း အဆိုပါမြို့နယ် ဝင်းမနားနယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

လွန်ခဲ့သည့် ၂ နှစ်ကျော် ၂၀၁၆ ခုနှစ်အတွင်းကလည်း စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ချင်းတွင်းမြစ်အတွင်း ဟုမ္မလင်းမှ မုံရွာသို့ စုန်ဆင်းလာသည့် ရေယာဉ်သည် ကျောက်ဆောင်ကိုတိမ်းရှောင်ရာမှ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ရာ ခရီးသည် ၇၀ ကျော်သေဆုံးခဲ့သေးသည်။

R-20


  • VIA