News

POST TYPE

EDITOR PICK POST

ဂျပန်ကုမ္ပဏီနှင့် ထိုင်းကုမ္ပဏီကို လက်လီလက်ကားလုပ်ငန်း လုပ်ကိုင်ခွင့် စပြု
18-Oct-2018
ရန်ကုန်၊ အောက်တိုဘာ ၁၇

ဂျပန်အခြေစိုက် MyCare Uni-charm နှင့် ထိုင်းအခြေစိုက် Pacific Andaman (SEA) ကုမ္ပဏီတို့ကို ပြည်တွင်း၌ လက်လီလက်ကားလုပ်ငန်း လုပ်ကိုင်ရန်အတွက် စတင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

MyCare Unicharm ကုမ္ပဏီသည် ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ကလေးအသုံးအဆောင်ပစ္စည်းများနှင့် အလှကုန်ပစ္စည်းများကို လက်ကားရောင်းချမည်ဖြစ်ပြီး Pacific Andaman (SEA) ကုမ္ပဏီသည် ဖက်စပ်ရင်းနှီးမြှုပ်နှံမှုဖြင့် အမျိုးသမီးနှင့် ကလေးတစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်း၊ ဆေးပလတ်စတာများ၊ အိမ်သန့်ရှင်းရေးသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် အချိုရည်များကို လက်ကားရောင်းချမည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနထံမှ သိရသည်။ 

လက်ရှိအချိန်တွင် အဆိုပါကုမ္ပဏီနှစ်ခုအပြင် ပြည်တွင်း၌ လက်လီလက်ကားလုပ်ငန်းဆောင်ရွက်နေပြီသားဖြစ်သည့် ပြည်ပနှင့်ဖက်စပ် AEON Orange ကုမ္ပဏီနှင့် ပြည်တွင်း City Mart Holding ကုမ္ပဏီတို့ကိုလည်း လက်လီလက်ကားရောင်းချခွင့်လုပ်ငန်း မှတ်ပုံတင်ကတ် ထုတ်ပေးထားကြောင်း အဆိုပါအကြီးတန်းအရာရှိက ပြောဆိုသည်။

“လက်လီလက်ကားလုပ်ငန်း မှတ်ပုံတင်ဖို့ လာလျှောက်တာကတော့ ၈ ခုရှိ တယ်။ အခုမှ စလုပ်မယ့် နိုင်ငံခြားကုမ္ပဏီနှစ်ခုနဲ့ လုပ်ငန်းလုပ်နေပြီသားကုမ္ပဏီ ၂ ခုကို မှတ်ပုံတင်ကတ် စထုတ်ပေးထားတယ်။ ကျန်လေးခုထဲမှာ သုံးခုက မှတ်ပုံတင်ဖို့ အကျုံးမဝင်လို့ အသိအမှတ်ပြုမှတ်တမ်းထားလိုက်တယ်။ ကျန်တစ်ခုက သတ်မှတ်ချက်နဲ့ မကိုက်ညီလို့ မခွင့်ပြုသေးဘူး” ဟု ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံအနေနှင့် လက်လီလက်ကားလုပ်ငန်းများကို ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ဖက်စပ်ရင်းနှီးမြှုပ်နှံမှုများကို ပြီးခဲ့သည့် မေလအတွင်း၌ စတင်ခွင့်ပြုလိုက်ပြီး လုပ်ငန်းလုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီများနှင့် လုပ်ငန်းစတင်လုပ်ကိုင်မည့် ကုမ္ပဏီများအကြား တန်းတူယှဉ်ပြိုင်နိုင်ရန်နှင့် ပြည်တွင်းတွင် လက်လီလက်ကားလုပ်ငန်း လုပ်ကိုင်နေသည့် စာရင်းအတိအကျမရှိသေးသည့်အတွက် လုပ်ငန်းလုပ်ကိုင်မည့် ကုမ္ပဏီအသစ်များနှင့် လုပ်ငန်းလုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီအဟောင်းများကို ဝန်ကြီးဌာနက လုပ်ငန်းမှတ်ပုံတင်ကတ် ထုတ်ပေးနေခြင်းဖြစ်သည်။

နိုင်ငံခြားသားကုမ္ပဏီများ၊ ဖက်စပ်ကုမ္ပဏီများကို ပြည်တွင်း၌ လက်လီလက်ကား အရောင်းဆိုင်များဖွင့်လှစ်ပါက အဝတ်အထည်၊ နာရီ၊ အလှကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများပါဝင်သည့် ဦးစားပေးကုန်ပစ္စည်း ၂၄ မျိုးကိုသာ ရောင်းချရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးက သတ်မှတ်ထားသည်။

လက်လီလက်ကားလုပ်ငန်း လုပ်ကိုင်ခွင့် ခွင့်ပြုချက်၌ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ၈၀ ရာခိုင်နှုန်းမှ ရာနှုန်းပြည့်ပိုင်သော လုပ်ငန်းများသည် လက်လီလုပ်ငန်းလုပ်ကိုင်ပါက မြေငှားရမ်းခမပါဝင်ဘဲ အမေရိကန်ဒေါ်လာ သုံးသန်းနှင့်အထက် ရင်းနှီးမြှုပ်နှံရမည်ဖြစ်ကြောင်း၊ လက်ကားလုပ်ငန်းလုပ်ကိုင်ပါက အမေရိကန်ဒေါ်လာ ငါးသန်းနှင့်အထက် ရင်းနှီးမြှုပ်နှံရမည့်အပြင် စတုရန်းမီတာ ၉၀၀ အထက်ရှိသည့် ဆူပါ မားကက်အကြီးစားများကိုသာ ဖွင့်ခွင့်ပြုမည်ဖြစ်ပြီး Convenience စတိုးဆိုင်လေးများကို ဖွင့်ခွင့်ပြုမည်မဟုတ်ကြောင်း အဆိုပါဝန်ကြီးဌာနထံမှ သိရသည်။

S-04