News

POST TYPE

EDITOR PICK POST

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းကို လေလံတင်ရောင်းချ၍ တစ်ဝက်စီခွဲရန် ဦးအောင်ဆန်းဦး အထူးအယူခံလျှောက်
18-Oct-2018
နေပြည်တော်၊ အောက်တိုဘာ ၁၇

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နေထိုင်သော တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄) နေအိမ်ကို လေလံတင်ရောင်းချ၍ ရရှိသည့်တန်ဖိုးကို ဒေါ်အောင်ဆန်းစုကြည်နှင့် နှစ်ယောက်ခွဲယူလိုကြောင်း အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးတွင် အောက်တိုဘာ ၁၇ ရက်က အထူးအယူခံလျှောက် ထားလိုက်သည်။

“အခုဟာက ပစ္စည်းခွဲလို့ကတော့ ညှိလို့ကမလွယ်ဘူးလေ။ အိမ်ပါတာမပါတာ အဲဒါတွေ မလိုချင်ဘူး။ လေလံပစ်ပြီးတော့ ရတဲ့တန်ဖိုးကို တစ်ယောက်တစ်ဝက်ခွဲမယ် ဒါအရှင်းဆုံးပဲ။ အဲဒါကို ကျွန်တော်တောင်းဆိုတာ။ အဲဒါလည်း ဘာမှ မတရားတောင်းဆိုတာမှမဟုတ်ဘဲ။ ရှင်းရှင်းလေးပဲ။ လေလံပစ်ပြီးတော့ ဘယ်သူက ဘယ်အခြမ်းပိုင်တယ် ဘာတယ်တွေ ဘာမှမဆိုင်တော့ဘူး။ တန်ဖိုးကိုပဲ အခွန်တွေဘာတွေပေးပြီး တစ်ယောက်တစ်ဝက်ရရင် ပြီးတာပဲ” ဟု ဦးအောင်ဆန်းဦးက ဆိုသည်။

အောက်တိုဘာလ ၁၇ ရက်က နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးသို့ အထူးအယူခံတင်ရန် ရောက်ရှိလာသည့် ၎င်းက မီဒီယာများနှင့်တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါခြံနှင့်နေအိမ်သည် ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဖြစ်သူ ၎င်းတို့၏မိခင် ဒေါ်ခင်ကြည်အမည်ပေါက်ထားခြင်းဖြစ်ပြီး ၁ ဒသမ ၉၂၃ ဧက ကျယ်ဝန်းသည်ဟု သိရသည်။

ယင်းအမွေဆိုင်မြေနှင့် ခြံအတွင်းရှိ နှစ်ထပ်တိုက်နှင့် မြေတစ်ဝက်ကို ဒေါ်အောင်ဆန်းစုကြည်အားလည်းကောင်း၊ တစ်ထပ်တိုက်နှင့်မြေတစ်ဝက်ကို ဦးအောင်ဆန်းဦးကလည်းကောင်း ပိုင်ဆိုင်စေရန် ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချခဲ့ပြီးဖြစ်သော်လည်း ယခုကဲ့သို့ တင်ပြလာခြင်းဖြစ်သည်။

ဦးအောင်ဆန်းဦးရရှိသည့် မြေတစ်ဝက်မှအိမ်သည် အဟောင်းဖြစ်နေပြီး ပြိုပျက်နေခြင်း၊ အမျိုးတော်စပ်သူ ဦးခင်မောင်အေးကို ပေ ၁၀၀ x ၇၀ ချန်ပေးရန် အမိန့်ချခဲ့ခြင်းတို့ကြောင့် ယခုကဲ့သို့ အထူးအယူခံတင်သွင်းရခြင်းဖြစ်ကြောင်း ဦးအောင်ဆန်းဦး၏ ရှေ့နေဖြစ်သည် ဦးအေးလွင်က ဆိုသည်။

ယင်းကိစ္စကို ယခင်က ဒေါ်အောင်ဆန်းစုကြည်ဘက်မှ လိုက်ပါဆောင်ရွက်ခဲ့သည့် NLD ပါတီမှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်လည်းဖြစ်သူ ရှေ့နေဦးဉာဏ်ဝင်းကို The Voice က ၄ ကြိမ် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။

S-01