News

POST TYPE

EDITOR PICK POST

သယ်ယူပို့ဆောင်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး မြန်မာ-ဂျပန် ဆွေးနွေး
15-Oct-2018
ရန်ကုန်၊ အောက်တိုဘာ ၁၄

မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေးတို့အတွက် နှစ်နိုင်ငံလုပ်ငန်းရှင်များ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။

အောက်တိုဘာလ ဒုတိယအပတ်က ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ The Prince Park Hotel တွင် မြန်မာ-ဂျပန် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ကော်မတီအစည်းအဝေးပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် Japan Chamber of Commerce and Industry (JCCI) နှင့် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မှ တာဝန်ရှိသူများတွေ့ဆုံ၍ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

မြန်မာ-ဂျပန် နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတိုးမြှင့်နိုင်ရေး၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုကြောင်း ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

ယင်းအစည်းအဝေးတွင် သယ်ယူပို့ဆောင်ရေးကဏ္ဍအပြင် စက်မှုလက်မှုကဏ္ဍ၊ စွမ်းအင်၊ စားသောက်ကုန်၊ သတင်းအချက်အလက်၊ နည်းပညာ၊ ငွေရေးကြေးရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် နေပြည်တော်၌ ကျင်းပမည့် Invest Myanmar Summit တွင်လည်း ဂျပန်လုပ်ငန်းရှင်များ တက်ရောက်ရန် ဖိတ်ခေါ်ခဲ့ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။

မြန်မာ-ဂျပန် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ကော်မတီအစည်းအဝေးသို့ စီးပွားရေးကဏ္ဍအသီးသီးမှ မြန်မာလုပ်ငန်းရှင် ၃၀ ဦး တက်ရောက်ခဲ့ကြကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

J-11