News

POST TYPE

EDITOR PICK POST

ဘူးသီးတောင်-မောင်တောဒေသရှိ လူမျိုးစုနှစ်စု ငြိမ်းချမ်းစွာနေထိုင်ရန် အချက် ၃ ချက် အကြံပြု
11-Oct-2018
ရန်ကုန်၊ အောက်တိုဘာ ၁၀

ဘူးသီးတောင်၊ မောင်တောဒေသတွင် ရခိုင်လူမျိုးများနှင့် အစ္စလာမ်ဘာသာဝင်များကြား ရေရှည်ငြိမ်းချမ်းစွာ နေထိုင်ရန် အချက် ၃ ချက်ကို ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့ဝင် Mr. Roelof Petrus Meyer နှင့် Mr. Baptiste Gaston Millet တို့က အကြံပြုခဲ့ကြောင်း မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က ပြောကြားသည်။

“တောင်အာဖရိကနိုင်ငံမှ လူဖြူ၊ လူမည်းပြဿနာကို ငြိမ်းချမ်းအောင် ဘယ်လိုဆောင်ရွက်ခဲ့တယ်ဆိုတဲ့ သူ့အတွေ့အကြုံကို ရှင်းပြတယ်။ ရခိုင်နဲ့ အစ္စလာမ်ဘာသာဝင်နှစ်ခုကြား ငြိမ်းချမ်းအောင် ဘယ်လိုဆောင်ရွက်လို့ရမလဲ ဒေသခံအခြေအနေကို လာရောက်လေ့လာတယ်” ဟု ၎င်းက ဆိုသည်။

ဒေသခံများနှင့် တွေ့ဆုံရာတွင် ဘူးသီးတောင်၊ မောင်တော လက်ရှိအခြေအနေ၊ ရခိုင်တိုင်းရင်းသားများနှင့် အစ္စလာမ်ဘာသာဝင်များ ပူးပေါင်း၍ စကားဝိုင်းပြုလုပ်ကျင်းပရန်၊ ငြိမ်းချမ်းစွာနေထိုင်နိုင်ရန် မည်သို့ဆက်လက်ဆောင်ရွက်မည့်အခြေအနေကို ခေါင်းစဉ်သုံးခုနှင့်ဆွေးနွေးရန် အကြံပြုခဲ့ကြောင်း ဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ ရှေ့နေဦးအောင်ကျော်ညွှန့်က ပြောကြားသည်။

အဆိုပါအချက် ၃ ချက်အပေါ် ရှေ့နေဦးအောင်ကျော်ညွှန့်က “လက်ရှိ ဘူးသီးတောင်၊ မောင်တောမှာ ရခိုင်လူမျိုးနဲ့ မွတ်ဆလင်လူမျိုးကြား ဘာပြဿနာမှမရှိဘူး။ ပြဿနာမရှိဘဲ စကားဝိုင်းဆွေးနွေးပွဲလည်း လုပ်ဖို့မလိုဘူး။ အခုလက်ရှိဖြစ်နေတာ အကြမ်းဖက်မှုကြောင့် ဒီကိစ္စဖြစ်လာတာ၊ အဲဒါကို ဖော်ထုတ်အရေးယူပေးဖို့ အချက်ကိုပဲ တောင်းဆိုတယ်” ဟု ဆိုသည်။

လက်ရှိ လူမျိုးနှစ်စုကြား အသိုင်းအဝိုင်းတွင် ပြဿနာတစ်စုံတစ်ရာမရှိကြောင်း ဆွေးနွေးခဲ့သည်ဟု မောင်တောဒေသခံ အစ္စလာမ်ဘာသာဝင် ဦးအာရာမ်က ပြောကြားသည်။

“ကျွန်တော်တို့ကြား ဘာပြဿနာကြီးကြီးမားမားမှ မရှိပါဘူး။ ရေရှည်ဖွံ့ဖြိုးရေး လုပ်ဆောင်ဖို့တော့ လိုသေးတယ်။ အဲဒါကိုတော့ တင်ပြခဲ့တယ်” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရေးကော်မတီ၏ အကြံပေးအဖွဲ့ဝင် တောင်အာဖရိကနိုင်ငံ ကာကွယ်ရေးဝန်ကြီးဟောင်း Mr. Roelof Petrus Meyer နှင့် အဖွဲ့ဝင် ငါးဦးပါအဖွဲ့သည် ဘူးသီးတောင်၊ မောင်တောဒေသကို အောက်တိုဘာလ ၈၊ ၉ ရက်နေ့က ရောက်ရှိခဲ့ပြီး ဒေသခံများနှင့် သွားရောက်တွေ့ဆုံခဲ့ကြောင်း ၎င်းကပြောကြားသည်။

ဒေသခံများနှင့်တွေ့ဆုံပွဲကို မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် အောက်တိုဘာ ၈ ရက် ညနေ ၄ နာရီတွင် ပြုလုပ်ကျင်းပခဲ့ပြီး၊ အောက်တိုဘာ ၉ ရက်တွင် ဘူးသီးတောင် မောင်တောဒေသရှိ မွတ်ဆလင်ကျေးရွာများ၊ ရခိုင်ကျေးရွာများကို သွားရောက်လေ့လာခဲ့ကြောင်း ၎င်းကဆိုသည်။

အဆိုပါအဖွဲ့သည် အောက်တိုဘာလ ၁၀ ရက်တွင် ဘူးသီးတောင်၊ မောင်တော၌ ဘာသာရေးခေါင်းဆောင်များနှင့် သီးသန့်တွေ့ဆုံရန် စီစဉ်ထားသော်လည်း တွေ့ဆုံခြင်းမရှိခဲ့ဟု မောင်တောအုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က ပြောကြားသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့ကို ပြည်တွင်းပြည်ပ ပညာရှင်များ ၁၀ ဦးနှင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက ဖွဲ့စည်းခဲ့သည်။

အဆိုပါအဖွဲ့သည် ၂၀၁၇ ခုနှစ် စက်တင်ဘာလက ဖွဲ့စည်းခဲ့သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီကို ကော်မရှင်၏အကြံပြုချက်များနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြေပြင်အခြေအနေအပေါ်မူတည်၍ အကျိုးရှိစွာ ထိထိရောက်ရောက် ဖော်ဆောင်နိုင်ရေးအတွက် လိုအပ်သော အကြံဉာဏ်များ ပေးရမည်ဖြစ်သည်။

J-18