News

POST TYPE

EDITOR PICK POST

ဘင်္ဂါလီအရေး မြန်မာကိုင်တွယ်နေမှုကို ဆက်လက်ထောက်ပံ့ကူညီမည်ဟု ဂျပန်ကတိပြု
11-Oct-2018


တိုကျို၊ အောက်တိုဘာ ၁၀

မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ရိုဟင်ဂျာဒုက္ခသည်များ မြန်မာနိုင်ငံဘက်သို့ ပြန်လာခြင်းအဆင့်အတွက် ဂျပန်အစိုးရက ဆက်လက်ကူညီမှုများရှိနေမည်ဟု ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက ကတိပြုခဲ့ကြောင်း The Mainichi သတင်းစာက ရေးသားဖော်ပြထားသည်။ 

“ဒါဟာ ရှုပ်ထွေးပြီး အထိမခံတဲ့ အရေးဖြစ်သော်လည်း ဂျပန်ဟာ မြန်မာနိုင်ငံနဲ့အတူ စဉ်းစားအဖြေရှာမှာဖြစ်ပြီး ဖြေရှင်းနေတဲ့ မြန်မာအစိုးရရဲ့ အားစိုက်ဆောင်ရွက်မှုတွေကို ထောက်ခံသွားမှာပါ” ဟု ရှင်ဇိုအာဘေးက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီး သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။ လူနည်းစု မွတ်ဆလင်များ ပြန်လည်အခြေချရေးအတွက် နေအိမ်များ တည်ဆောက်ခြင်းအပါအဝင် ဝန်းကျင်တစ်ရပ်ဖန်တီးခြင်းကို အကူအညီများပေးမည်ဟု ဝန်ကြီးချုပ်အာဘေးက ပြောကြားခဲ့သည်။ 

ပြီးခဲ့သည့်နှစ်ပိုင်းက လုံခြုံရေးစခန်းများကို အဆိုပါ မျိုးနွယ်စုစစ်သွေးကြွများက တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာစစ်တပ်က ချေမှုန်းရှင်းလင်းမှုများ တန်ပြန်ပြုလုပ်ခဲ့ရာတွင် ရခိုင်ပြည်နယ်အနောက်ပိုင်းမှ ရိုဟင်ဂျာဟု ၎င်းတို့ကိုယ်၎င်းတို့ ခေါ်ဝေါ်သော လူခုနစ်သိန်းနှစ်သောင်းကျော်က ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးသွားခဲ့သည်ဟု ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။ 

ပြန်လည်နေရာချထားရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် မြန်မာအစိုးရတို့ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက သဘောတူညီချက်ရရှိပြီးနောက် အနည်းငယ်သော ရိုဟင်ဂျာများ နေရပ်သို့ပြန်လာခဲ့ကြပြီး နောက်ရှင်ဇိုအာဘေးက အကူအညီပေးရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။ 

မြန်မာအစိုးရသည် ဖိလစ်ပိုင်နှင့် ဂျပန်သံတမန်ဟောင်းများပါဝင်သော ကော်မရှင်ကို ဖွဲ့စည်းခဲ့ကာ ရိုဟင်ဂျာမွတ်ဆလင်များကို ကျူးလွန်ခဲ့သည်ဆိုသော ဆိုးရွားမှုများကို စုံစမ်းစစ်ဆေးခဲ့သည်။ 

“ဝန်ကြီးချုပ်အာဘေးပြောသလိုမျိုးပဲ မှန်ကန်ပြီး သင့်လျော်တဲ့ စုံစမ်းစစ်ဆေးမှုမျိုး ဆောင်ရွက်နိုင်ဖို့အတွက် လွတ်လပ်တဲ့အဖွဲ့ရှိဖို့ အလွန်အရေးကြီးပါတယ်လို့ ကျွန်မယုံကြည်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ 

၂၀၁၆ ခုနှစ်တွင် ကြေညာခဲ့သည့် မြန်မာနိုင်ငံသို့ ဂျပန်ကပေးမည်ဖြစ်သော အများပြည်သူကဏ္ဍနှင့် အစိုးရကဏ္ဍတို့သို့ ပေးအပ်မည့် အမေရိကန်ဒေါ်လာ ၇ ဘီလီယံဖိုးသော အကူအညီများကို ဖြည်းဖြည်းချင်း ဖြည့်ဆည်းသွားမည်ဟု ရှင်ဇိုအာဘေးက ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ ရန်ကုန်ရှိ ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် အတိုးနှုန်းသက်သာစွာဖြင့် ယန်းငွေ ၇၀ ဘီလီယံ ချေးငွေပေးမည်ဟု တွေ့ဆုံပွဲအတွင်း ရှင်ဇိုအာဘေးက ကတိပြုခဲ့သည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 

ဖမ်းဆီးထောင်ချခံ ရိုက်တာသတင်းထောက်နှစ်ဦးအတွက် စိုးရိမ်မိကြောင်း ဂျပန်ဝန်ကြီးချုပ်က ပြောကြားခဲ့ပြီး အဆိုပါသတင်းထောက်များကို မြန်မာနိုင်ငံ၏ ဥပဒေအတိုင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

F-02