News

POST TYPE

EDITOR PICK POST

စရဖတစ်ဦး လုပ်ကြံခံရမှုနှင့် ပတ်သက်၍ သဇင်ပန်းခိုင်ဂျာနယ်မှ သတင်းထောက်ကို ဖမ်းဆီး
10-Oct-2018

စစ်တွေ၊ အောက်တိုဘာ ၉

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင် (စရဖ) တပ်ကြပ်တစ်ဦး လုပ်ကြံခံရမှုနှင့် ပတ်သက်၍ သဇင်ပန်းခိုင် သတင်းဂျာနယ်မှ သတင်းထောက် ကိုအောင်ဇော်လင်း (ခ) အောင်ချေကို အောက်တိုဘာ လ ၉ ရက် နံနက် ၁၁ နာရီကျော်က စစ်တွေမြို့ မီးစက်ကြီးလမ်းဆုံ၌ ဖမ်းဆီးခဲ့ကြောင်း မြို့မရဲစခန်းထံမှ သိရသည်။

“ကျွန်တော်တို့ ရရှိထားတဲ့ သတင်းအချက်အလက်အရ စစ်ဆေးမေးမြန်းဖို့ ခေါ်တာဖြစ်တယ်”ဟု စစ်တွေနယ်မြေ ရဲစခန်းမှူး ရဲအုပ်အေးကျော်က ပြောသည်။

ကိုအောင်ဇော်လင်း (အသက် ၂၂ နှစ်ခန့်) သည် အဝေးသင် ရူပဗေဒတတိယနှစ်ကို စစ်တွေတက္ကသိုလ်တွင် တက်ရောက်နေသူဖြစ်ကြောင်း၊ စာမေးပွဲနောက်ဆုံးနေ့ ဖြေဆိုပြီးပြန်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ၎င်း၏သူငယ်ချင်းများထံမှသိရသည်။ 

“ကျွန်တော်တို့သုံးဦး လာကြတယ်။ အဲဒီမှာ သူ့ကို ဟိုက်ဂျက်ကားပေါ်က ရဲတွေဆင်းပြီး လက်ထိတ်ခတ်တယ်၊ ကျွန်တော်တို့က ဘာလို့ခတ်တာလည်း ဒီအတိုင်းခေါ်လည်းရပါတယ်၊ ကျွန်တော်တို့လည်း အဲလိုဆို လိုက်မယ်ဆိုတော့ မင်းတို့နဲ့ မဆိုင်ဘူးလို့ပြောတယ်”ဟု အောင်ဇော်လင်း၏ မိတ်ဆွေ အဝေးသင်တက္ကသိုလ် ကျောင်းသားက ပြောပြသည်။

စရဖတပ်ကြပ်ဖိုးလုံး အသတ်ခံရပြီးနောက် စက်တင်ဘာလ ၂၆ ရက်က ကိုအောင်ဇော်လင်းကို စစ်တွေမြို့နယ် နယ်မြေရဲစခန်းမှ ခေါ်ယူမေးမြန်းခဲ့သည်။

ကိုအောင်ဇော်လင်းကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ ဖြင့် အောက်တိုဘာလ ၉ ရက်မှ ၂၂ ရက်အထိ ချုပ်ရမန်ယူထားပြီး စစ်တွေမြို့မရဲစခန်းတွင် ထိန်းသိမ်းထားသည်။

“ကျွန်တော်တို့ သတင်းထောက်တစ်ဦးကို အခုလိုဖမ်းတာ လုံးဝဆန့်ကျင်ပါတယ်၊ သူ လူမှုရေးတွေမှာ တက်တက်ကြွကြွ လှုပ်ရှားတဲ့သူ ဖြစ်တဲ့အတွက် အမှားလုပ်လိမ့်မယ်မထင်ဘူး၊ တိုက်အနေနဲ့လည်း သူ့အတွက် ဘာတွေလုပ်ပေးမယ်ဆိုတာ အခုတိုင်ပင်နေကြပါတယ်”ဟု သဇင်ပန်းခိုင်သတင်းဂျာနယ်မှ သတင်းထောက်ချုပ် ကိုဖိုးသားက ဆိုသည်။

ထို့အပြင် တပ်ကြပ်လုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး စစ်တွေဒေသခံ သုံးဦးနှင့် ရန်ကုန်မြို့မှ နှစ်ဦးတို့ကိုလည်း ပုဒ်မ ၃၀၂ ဖြင့် စက်တင်ဘာလ ၂၉ ရက်မှ အောက်တိုဘာလ ၁၂ ရက်အထိ ချုပ်ရမန်ယူထားကြောင်း ရဲအုပ်အေးကျော်ထံမှ သိရသည်။

တပ်ကြပ်ဝင်းထိုက် (ခ) ဖိုးလုံးသည် စက်တင်ဘာလ ၂၅ ရက်နေ့ ညနေပိုင်းအချိန်၌ ဇနီးနှင့်အတူ စစ်တွေမြို့ ဈေးပွဲတော်တွင် လည်ပတ်စဉ် ၎င်းအား ၉ မမ သေနတ်ကျည်ဆန်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်များထံမှသိရသည်။  

R-22