News

POST TYPE

EDITOR PICK POST

ရန်ကုန်မြို့တော်ဝန်၏ “ပေါက်လွှတ်ပဲစား” ဆိုသည့် အသုံးအနှုန်းကို ကန့်ကွက်ကြောင်း မှတ်တမ်းတင်ရန် လွှတ်တော်ထံ တင်ပြ
10-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၉

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် မေးခွန်းတစ်ခုအပေါ် ရန်ကုန်မြို့တော်ဝန်၏ “ပေါက်လွှတ်ပဲစား” ဆိုသည့် အသုံးနှုန်း အသုံးပြုခဲ့မှုအပေါ် လွှတ်တော်အနေနှင့် ကန့်ကွက်ကြောင်း မှတ်တမ်းတင်ပေးရန် ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ပြာက တိုက်တွန်းပြောဆိုလိုက်သည်။

အောက်တိုဘာလ ၉ ရက်က ကျင်းပသည့် တိုင်းလွှတ်တော် အစည်းအဝေးတွင် ရန်ကုန်မြို့တွင်း၌ ကားပါကင်ကြေး ကောက်ခံရန် ယခုနှစ် ဩဂုတ်လ နောက်ဆုံးပတ်က နိုင်ငံပိုင်သတင်းစာတွင် ဈေးပြိုင်တင်ဒါ ခေါ်ယူထားပြီး ယင်းကိစ္စကို “ပေါက်လွှတ်ပဲစား” ပြော၍မရကြောင်း မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားခဲ့၍ လွှတ်တော်တွင် ကန့်ကွက်ကြောင်း မှတ်တမ်းတင်ပေးရန် ၎င်းက တိုက်တွန်းခြင်းဖြစ်သည်။

ကျောက်တံတားမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာ၏ “၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့စ၍ အမည်တပ်လမ်းမကြီးများတွင် ကားပါကင်ကြေး ကောက်ခံမည့်ကိစ္စနှင့် ပတ်သက်၍ စနစ်တကျလည်းဖြစ်၊ ပြည်သူလည်း အဆင်ပြေစေရန် မည်သို့သော အစီအမံများဖြင့် ဆောင်ရွက်သွားမည်”ဟု သိရှိလိုကြောင်း မေးခွန်းမေးမြန်းခဲ့သည်။

အဆိုပါမေးခွန်းနှင့် ပတ်သက်၍ မြို့တော်ဝန်က ]ကားပါကင်ကို ဘာမှကို မလုပ်ရသေးဘူး။ လုပ်မယ်လို့ ပြောတာပဲ ရှိသေးတယ်။ သို့သော်လည်း အပြစ်က အရင် စရောက်နေပြီဆိုတော့ ဒီအပိုင်းမှာ မေးတဲ့အတွက်လည်း ကျေးဇူးတင်ပါ တယ်။ ဒါတွေဟာလည်း ပြည်သူလူထုလည်း သိသင့်ပါတယ်။ နိုင်ငံပိုင်သတင်းစာ တွေ မှာ ဈေးပြိုင် တင်ဒါခေါ်ယူခဲ့ပါတယ်။ အဲ့တော့ ဒါကို ကျွန်တော်တို့ ပေါက်လွှတ်ပဲစား ပြောလို့ မရပါဘူးခင်ဗျ” ဟု ဆိုသည်။

ယင်းစကားလုံးသုံးနှုန်းမှုမှာ လွှတ်တော်၏ ဂုဏ်သိက္ခာကိုလည်း ကျဆင်းစေကြောင်း ဒေါ်ကြည်ပြာက မှတ်ချက်ပြုသည်။

“ကျွန်တော့်ကိုယ် ကျွန်တော်ပြောတာပါ။ ကျွန်တော် ပေါက်လွှတ်ပဲစား ဖြေလို့မရဘူးလို့ ပြောတာ။ နားလည်မှု လွဲသွားမှာကို အလွန်စိုးရိမ်ပါတယ်”ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက လွှတ်တော်ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များကို ပြန်လည်ရှင်းပြသည်။

ဒဂုံမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက “မြို့တော်ဝန်ကြီးကလည်း သူ့ကိုယ်သူ ပြောတာပါလို့ ပြန်ရှင်းပါတယ်။ ရည်ရွယ်ချက်ရှိရှိ လွှတ်တော်ထဲမှာ ပြောတာတော့ မဟုတ်ပါဘူး။ ပြောရင်းပြောရင်းနဲ့ အားပါပြီး ပြောလိုက်တဲ့စကားလုံးပါ။ တခြားတော့မှတ်ချက်ပေးစရာ မရှိပါဘူး”ဟု ဆိုသည်။

ရန်ကုန်မြို့တော်ဝန်၏ “ပေါက်လွှတ်ပဲစား” ဆိုသည့်အသုံးအနှုန်းကို ကန့်ကွက်ကြောင်း မှတ်တမ်းတင်ရန် ဒေါ်ကြည်ပြာ၏ တိုက်တွန်းချက်နှင့်ပတ်သက်၍ လွှတ်တော်ဥက္ကဋ္ဌက မှတ်ချက်ပေးခြင်း၊ ကိုယ်စားလှယ်များထံ ဆန္ဒတောင်းခံခြင်း ပြုလုပ်ခဲ့ခြင်းမရှိပေ။  

J-17