News

POST TYPE

EDITOR PICK POST

ချက်လက်မှတ်တွင် လက်မှတ်အတုထိုး၍ ကျပ် ၂၁ သိန်း လာထုတ်သူ အမျိုးသားကို ဖမ်းမိ
10-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၉

ဗဟန်းမြို့နယ် ဓမ္မစေတီလမ်းရှိ CB ဘဏ်တွင် ချက်စာရွက်တစ်ရွက်၌ လက်မှတ်အတုရေးထိုးပြီး ငွေကျပ် ၂၁ သိန်းထုတ်ယူရန် ကြံစည်နေသည့် အမျိုးသားတစ်ဦးကို အောက်တိုဘာလ ၈ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

ဖမ်းမိသူ အသက် ၃၆ နှစ် သန်းနိုင် (ခ) သန်းနိုင်ဝင်းမှာ ယာဉ်မောင်းဖြစ်ပြီး ၎င်းအလုပ်ရှင်အမျိုးသမီး၏ ချက်စာအုပ်ထဲမှ ချက်စာရွက်တစ်ရွက်ကို ခိုးယူ၍ အလုပ်ရှင်၏ လက်မှတ်အတုကို ရေးထိုးပြီး ဘဏ်မှ ငွေထုတ်ယူရန် ကြံစည်ခဲ့ကြောင်း ရဲအရာရှိက ပြောသည်။ 

“CB ဘဏ်က တာဝန်ရှိသူက ဟိုတယ်လုပ်ငန်း လုပ်ကိုင်နေသူ အမျိုးသမီးထံ ဖုန်းဆက်သွယ်ခဲ့တယ်။ ဘဏ်မှာ လူတစ်ယောက်က အစ်မနာမည်နဲ့ ငွေလာထုတ်ယူနေတယ်လို့ အသိပေးလိုက်တော့ အမျိုးသမီးကလည်း ဘဏ်ကို လိုက်လာတယ်။ ဟိုရောက်တော့ ချက်စာရွက် တစ်ရွက်နဲ့ ဘဏ်မှာ ငွေလာထုတ်ယူသူက သူ့အိမ်က ဒရိုင်ဘာဖြစ်နေပြီး မေးမြန်းကြည့်တော့ ကျောပိုးအိတ်ထဲထည့်ထားတဲ့ ချက်စာအုပ်ထဲက ချက်စာရွက်တစ်ရွက်ကို ခိုးယူပြီး အလုပ်ရှင်ရဲ့ လက်မှတ်အတုနဲ့ ငွေထုတ်ယူဖို့ ကြံစည်ခဲ့တာလို့ စစ်ဆေးပေါ်ပေါက်ခဲ့တယ်”ဟု ရဲအရာရှိက ရှင်းပြသည်။

အဆိုပါ ချက်စာရွက်တစ်ရွက်ဖြင့် ဘဏ်တွင် ငွေထုတ်ယူရန် ကြံစည်ခဲ့သော အမျိုးသားကို မရမ်းကုန်းမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၈၁/၄၆၈ ဖြင့် အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှသိရသည်။

S-03