News

POST TYPE

EDITOR PICK POST

တနင်္သာရီတိုင်း အားကာသိပ္ပံ တည်ထောင်မည့် မြေနေရာ ပြည်ထောင်စုထံ တင်ပြထား
09-Oct-2018
ထားဝယ်၊ အောက်တိုဘာ ၈

တနင်္သာရီတိုင်းဒေသကြီး အားကစားနှင့် ကာယပညာသိပ္ပံကျောင်း တည်ထောင်ရန် ရေဖြူမြို့နယ် ကျောက်ရှပ်ရွာအနီးမှ မြေနေရာ ဧက ၅၀ အား ပြည်ထောင်စုအစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ တင်ပြထားကြောင်း တနင်္သာရီတိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးစိုးမိုးနိုင်က ပြောသည်။

လွန်ခဲ့သည့် ဩဂုတ်လက တင်ပြထားခြင်းဖြစ်ပြီး ယင်းမြေနေရာတွင် အား/ကာ သိပ္ပံကျောင်းတည်ထောင်ရန် ဖြစ်နိုင်ခြေ ရှိ၊ မရှိ ပြည်ထောင်စုမှ အတည်ပြုပေးမည်ဟု ဦးစိုးမိုးနိုင်က ပြောသည်။

အကယ်၍ ယင်းနေရာတွင် အား/ကာသိပ္ပံ တည်ထောင်ရန် အတည်ပြုပြီး ကျောင်းတည်ထောင်ပါက တနင်္သာရီတိုင်းအတွင်းမှ ၈ တန်း၊ ၉ တန်း၊ ၁၀ တန်း ကျောင်းသားများက မိမိတို့သင်ယူလိုသည့် အားကစားနည်းမျိုးစုံကို ယင်းကျောင်းတွင် တက်ရောက်သင်ကြားနိုင်မည်ဖြစ်သည်။

ကျောင်းတွင် ဘောလုံးကွင်း ၂ ကွင်းနှင့် အားကစားနည်းပေါင်းစုံအတွက် အားကစားရုံများ၊ ၈ တန်း၊ ၉ တန်း၊ ၁၀ တန်း သင်ကြားမည့် အထက်တန်းကျောင်းနှင့် အိပ်ဆောင်များ ပါဝင်မည်ဖြစ်ပြီး ပထမနှစ်အတွက် ကျောင်းသား ၁၅၀ ကို သင်ကြားပေးနိုင်မည်ဟု ဦးစိုးမိုးနိုင်က ပြောသည်။

“ကျောင်းသားရဲ့ အဆစ်အပေါက် (ကိုယ်ထည်)၊ ကျောင်းသားရဲ့ ဝါသနာအပေါ် မူတည်ပြီး ဆရာတွေက ရွေးချယ်သင်ကြား ပေးမှာပါ”ဟု ဦးစိုးမိုးနိုင်က ပြောသည်။

တိုင်းအား/ကာသိပ္ပံကျောင်းတွင် ၃ နှစ် သင်ကြားရမည်ဖြစ်ပြီး ကျောင်းပြီးပါက အား/ကာသိပ္ပံတက္ကသိုလ်တွင် ဆက်လက်သင်ကြားခွင့်ရမည်ဖြစ်သည်။

ယခုနှစ်တွင် ရခိုင်ပြည်နယ် အား/ကာသိပ္ပံ တည်ထောင်ခဲ့ပြီး လာမည့်နှစ်တွင် ကယားပြည်နယ်အား/ကာသိပ္ပံကို တည်ထောင်ရန်ရှိကြောင်း တိုင်းအား/ကာ ထံမှ သိရသည်။

တနင်္သာရီတိုင်းတွင် မည်သည့်အချိန်တွင် တည်ထောင်မည်ကိုမူ မသိရသေးပေ။

တနင်္သာရီတိုင်းအတွင်း အားကစား ဝါသနာရှင်အချို့ကမူ ယင်းသို့သော အား/ကာသိပ္ပံမျိုး တည်ထောင်နိုင်ပါက တိုင်းတွင်း အားကစားကဏ္ဍ ယခုထက် ပိုမိုဖွံ့ဖြိုးလာမည်ဟု မျှော်လင့်နေကြသည်။

Dawei Watch



  • VIA