News

POST TYPE

EDITOR PICK POST

ဦးခေါင်းပေါက်ပြဲဒဏ်ရာရအောင် ရိုက်နှက်ဆုံးမခဲ့သည့် ကျောင်းအုပ်ဆရာမကြီး တောင်းပန်
09-Oct-2018
မြိတ်၊ အောက်တိုဘာ ၈

စာမရဟုဆိုကာ ကျောင်းအုပ်ဆရာမကြီးက ရိုက်နှက်ဆုံးမရာမှ ကျောင်းသားတစ်ဦး၏ဦးခေါင်းတွင် ပေါက်ပြဲဒဏ်ရာ ရရှိခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး ကျောင်းသားမိဘများအား ကျောင်းအုပ်ဆရာမကြီးက အောက်တိုဘာလ ၆ ရက်နေ့တွင် ကျောက်တလုံးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနေအိမ်တွင် တောင်းပန်ခဲ့ကြောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသားမိဘများထံမှ သိရသည်။

မြိတ်ခရိုင် တနင်္သာရီမြို့နယ် ကျောက်တလုံးကျေးရွာအုပ်စု မြေမအုံကျေးရွာရှိ မူလတန်းကျောင်းတွင် စက်တင်ဘာလ ၃၀ ရက်နေ့က အင်္ဂလိပ်စာသင်နေစဉ် စာမလိုက်နိုင်ဟုဆိုကာ ဝါးခြမ်းပြားဖြင့် ရိုက်နှက်ဆုံးမခဲ့သဖြင့် တတိယတန်း ကျောင်းသားတစ်ဦး၏ ဦးခေါင်းတွင် ပေါက်ပြဲဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သိန်းဆွေက ပြောပြသည်။

နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် အုပ်ချုပ်ရေးမှူးနေအိမ်သို့ သွားရောက်ကာ ကျောင်းသားမိဘ၊ ကျောင်းကော်မတီဝင်များနှင့် ရပ်မိရပ်ဖတို့၏ ရှေ့မှောက်တွင် တောင်းပန်စကား ဆိုခဲ့ကြောင်း ဆရာမကြီး ဒေါ်သိန်းဆွေက ပြောပြသည်။

“သက်ဆိုင်ရာတွေကို ဆက်တိုင်ချင်ပေမယ့် ရုံးကနားတွေ သွားလာမတတ်တော့ ဒီလောက်နဲ့ပဲ ကျေနပ်လိုက်ရတယ်”ဟု ကျောင်းသား၏ မိခင်ဖြစ်သူ ဒေါ်အို့က ပြောသည်။

ကျောင်းအုပ်ဆရာမကြီးက ဝန်ချတောင်းပန်ကြောင်းနှင့် နောင်တွင် ထိုအဖြစ်မျိုးရှိခဲ့ပါက ဥပဒေက ပေးအပ်သည့် ပြစ်ဒဏ်ကို ခံယူမည်ဖြစ်ကြောင်းကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးအပါအဝင် အသိသက်သေများရှေ့တွင် ခံဝန်လက်မှတ် ရေးထိုးခဲ့ကြောင်း ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးဟိုရှိန်က ပြောပြသည်။ 

Dawei Watch


  • VIA