News

POST TYPE

EDITOR PICK POST

မြောက်ကိုရီးယားအရေး ဆွေးနွေးပွဲများတွင် ဂျပန်နှင့် ညှိနှိုင်းဆောင်ရွက်မည်ဟု အမေရိကန်ကတိပြု
08-Oct-2018


တိုကျို၊ အောက်တိုဘာ ၇

မြောက်ကိုရီးယားနှင့် နျူကလီးယားဖျက်သိမ်းရေးဆွေးနွေးမှုများတွင် ဂျပန်နှင့် အနီးကပ်ညှိနှိုင်းဆောင်ရွက်သွားရန်နှင့် ပြန်ပေးဆွဲခံဂျပန်နိုင်ငံသားများကိစ္စကို တင်ပြပေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက စနေနေ့တွင် ကတိပေးလိုက်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။

“မြောက်ကိုရီးယား နျူကလီးယား ဖျက်သိမ်းရေးအစီအစဉ်မှာ အောင်မြင်မှုရလာပြီဆိုရင် ဘယ်လိုလုပ်မလဲ၊ ဘာဆက်လုပ်မလဲ၊ ဘာတွေလိုအပ်သလဲစသည်ဖြင့် အပြည့်အဝညှိနှိုင်းပေါင်းစပ်ထားတဲ့ အမြင်တွေ ကျွန်တော်တို့မှာ ရှိလာမှာဖြစ်ပါတယ်။ ပြန်ပေးဆွဲခံရတဲ့ကိစ္စတွေကိုလည်း ပြုံယမ်းကို တင်ပြပေးပါမယ်” ဟုပွန်ပီယိုက ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအား တိုကျိုတွင် ပြောကြားခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် တနင်္ဂနွေနေ့တွင် မတွေ့ဆုံမီ စနေနေ့က တိုကျိုသို့ ဝင်ရောက်လာသော ပွန်ပီယိုကို ကျေးဇူးတင်ကြောင်း ရှင်ဇိုအာဘေးက ပြောကြားခဲ့သည်။

ထို့ပြင် သမ္မတထရမ့်နှင့် ဝန်ကြီးချုပ်အာဘေးတို့ ယခင်လကနယူးယောက်တွင် တွေ့ဆုံဆွေးနွေးပြီးနောက် ကုန်သွယ်ရေးသဘောတူညီချက်ကို အပြီးသတ်နိုင်မည့် အနေအထားသို့ ရောက်ရှိနေပြီဟု ပွန်ပီယိုက ပြောကြားသည်။

ပို့ကုန်အားထားသော ဂျပန်နိုင်ငံသည် ၎င်း၏ ကားထုတ်လုပ်သူများအပေါ် နောက်ထပ်အခွန်အတုတ်များ မချမှတ်အောင် အကာအကွယ်ပေးမည့် အစီအစဉ်များကို အမေရိကန်နှင့် ဆွေးနွေးရန် သဘောတူညီမှုရထားသည်။ သမ္မတထရမ့်ကလည်း အမေရိကန်အပေါ် ဂျပန်နိုင်ငံ၏ ကုန်သွယ်ရေးပိုငွေပြမှု ဒေါ်လာ ၆၉ ဘီလီယံတွင် မော်တော်ကားပို့ကုန်များမှ ရငွေသုံးပုံနှစ်ပုံပါဝင်နေ၍ စိတ်မသက်မသာဖြစ်နေပြီး နှစ်ဖက်ဖြေရှင်းရန် လိုလားနေသည်။

ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးကို ကင်ဂျုံအန်းက ကတိပြုထားသော်လည်း ဂျပန်နိုင်ငံက မြောက်ကိုရီးယားကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် သတ်မှတ်ထားဆဲဖြစ်ပြီး နျူကလီယားထိပ်ဖူးများကို အာကာသထဲတွင် ဖျက်ဆီးပစ်နိုင်မည့် ဒုံးကျည်ကာကွယ်ရေးစနစ်ကို တွန်းအားပေးလုပ်ဆောင်နေသည်။

တိုကျိုက မြောက်ကိုရီးယားသည် ဂျပန်နိုင်ငံသားများအား သူလျှိုဟုသတ်မှတ်ကာ ပြန်ပေးဆွဲမှုအတွက် တာဝန်ရှိကြောင်းနှင့် ပုံမှန်ဆက်ဆံရေးမထူထောင်မီ အသက်ရှင်နေဆဲသူများကို ပြန်လွှတ်ပေးရန်လိုအပ်ကြောင်း အခိုင်အမာပြောကြားထားသည်။ နှစ်နိုင်ငံပုံမှန်ဆက်ဆံရေး ပြန်လည်ထူထောင်ပါက တိုကျိုသည် နွမ်းပါးသော ပြုံယမ်းအား စစ်လျော်ကြေးနှင့် ထောက်ပံ့ငွေဒေါ်လာဘီလီယံများစွာ ပေးရဖွယ်ရှိသည်။

ပွန်ပီယိုသည် ပြုံယမ်းမှ ပြန်လည်ထွက်ခွာသည့်အခါ ဆိုးလ်သို့သွားရောက်မည်ဖြစ်ပြီး အမေရိကသို့မပြန်မီ တနင်္လာနေ့တွင်ဘေဂျင်းသို့ ဆက်လက်သွားရောက်မည်ဖြစ်သည်။

ပွန်ပီယိုက ပြုံယမ်းဆွေးနွေးပွဲတွင် ထရမ့်နှင့်ကင်တို့၏ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲအတွက် ရက်စွဲနှင့်နေရာကို သဘောတူညီမှုရရှိရန် မျှော်လင့်သည်ဟု ပြောကြားသည်။

F-04